အာဏာသိမ်းပြီးနောက် စစ်ကိုင်းမှာ လူငါးထောင်ကျော် သေဆုံး
2025.03.16

[Update: 04: 10 PM, Mar 16, 2025]
စစ်အာဏာသိမ်းလေးနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ၅၃၀၄ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၃၇၈၈ ဦး ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (Data for Myanmar) က မတ်လ ၁၂ နေ့က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
"အရပ်သားတွေ ထိခိုက်သေဆုံးရင် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူတာတွေ အားနည်းတာ တွေ့ရပါတယ်"
အရပ်သား ထိခိုက်သေဆုံးမှု ငါးထောင်ကျော်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးသူ ၂၈၆၄ ဦး၊ တော်လှန်ရေးအဖွဲ့အစည်းတွေကြောင့် သေဆုံးသူ ၁၂၇၁ ဦးနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် ထိမှန်သေဆုံးတာ၊ အရပ်သားအချင်းချင်းကြောင့် သေဆုံးတာနဲ့ အတည်မပြုနိုင်တဲ့ဖြစ်ရပ်တွေကြောင့် သေဆုံးသူ ၉၂၈ ဦးရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအပေါ် စုံစမ်းစစ်ဆေးတာနဲ့ အရေးယူဆောင်ရွက်တာတွေ အားနည်းနေတယ်လို့ Data for Myanmar ရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဘယ်သူ့ကြောင့် အရပ်သားတွေ ဘယ်လောက်သေဆုံးခဲ့ရတယ်ဆိုတဲ့ အပိုင်းက အရေးကြီးပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ ပဋိပက္ခကြောင့် အရပ်သား သေဆုံးမှုတွေ ရပ်တန့်သွားစေဖို့နဲ့ လျော့နည်းသွားစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို လုပ်ဆောင်စေချင်တာက အဓိက ရည်ရွယ်ချက်ပါ။ တော်လှန်ရေးတပ်ဖွဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဓိကအားဖြင့် non-state actors တွေကို ခြုံငုံပြီး ရည်ညွှန်းတာ ဖြစ်ပါတယ်။ Data for Myanmar အနေနဲ့က အရပ်သား သေဆုံးမှုဖြစ်စေတဲ့ ဖြစ်စဉ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားတာသာဖြစ်ပါတယ်၊ ကျူးလွန်တဲ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ဖြစ်စဉ်တစ်ခုချင်းစီအလိုက် အသေးစိတ် စုံစမ်းစစ်ဆေးနိုင်ဖို့လိုပါတယ်။ စစ်ကောင်စီ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရင် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူတာတွေ အားနည်းတာ တွေ့ရပါတယ်"
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်က သာခေါင်ရွာမှာ စစ်ကောင်စီတပ်က အရပ်သား ခြောက်ဦးကို သတ်ဖြတ်ပြီး အဲဒီထဲကတစ်ဦးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မီးရှို့သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေစကြိုမြို့ဒေသခံ စစ်ဘေးရှောင် ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦးသေဆုံး
နှစ်ပတ်အတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရေစကြိုဒေသခံ ၁၇ ဦးထက်မနည်း သေဆုံး
ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ခြောက်ရာကျော် စစ်ကောင်စီကျူးလွန်ခဲ့ကြောင်း NUG ပြော
"ခြောက်ယောက် သတ်သွားတယ်၊ တစ်ယောက်ကိုတော့ ရွာမြောက်ဘက်မှာ ကိုယ်လုံးကို မီးရှို့သွားပြီးတော့ ခေါင်းကိုရွာတောင်ဘက်မှာ တုတ်တိုင်နဲ့ ထောင်ထားခဲ့တာ၊ အမျိုးသမီးက နှစ်ဦး၊ အမျိုးသားက လေးဦး၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ သာဂေါင်ရွာ ငါးရက်ခြောက်ညလောက်ကို တပ်စွဲသွားပြီးတော့ တစ်ရွာလုံးကိုလည်း လုပ်ချင်တိုင်း လုပ်သွားတာ၊ ဘုန်းကြီးကျောင်းကိုလည်း ရှိတဲ့ပစ္စည်းတွေ ဖျက်ဆီးသွားတာ၊ စာသင်ကျောင်းမှာလည်း သေနတ်ဒင်နဲ့ဆောင့်ပြီး ဖျက်ဆီးသွားတာ အများကြီးပဲလေနော၊ စစ်ကောင်စီတပ်ပါ”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သာဂေါင် (ရွာမ) ကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ဒေသခံတွေကို နှိပ်စက်မီးရှို့ သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးကတော့ တော်လှန်ရေးတပ်တွေကြောင့် သေဆုံးထိခိုက်တာတွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အရေအတွက်လောက် မများနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။
"စစ်ကောင်စီက သတ်တယ်ဆိုတဲ့ဟာမျိုးက ရှင်းတယ်ပေါ့နော်၊ ဟိုတစ်နေ့က သာခေါင်ရွာမှာဆိုရင်လည်း ခေါင်းတွေဖြတ်သတ်သွားတာ အသက် ၇၀ ကျော်အရွယ် ၈၀ အဘိုးကြီး၊ အဘွားကြီးတွေ၊ စစ်မရှောင်နိုင်တဲ့ အရွယ်တွေ၊ နှစ်ဖက်တိုက်ပွဲကြောင့်မို့ တိုက်ပွဲတွေကြားမှာ အသက်ဆုံံးရှုံးလိုက်ရတဲ့ ပြည်သူတွေဆိုတာလည်း ရှိနိုင်တယ်ပေါ့၊ PDF တွေအနေနဲ့ဆိုပြီးတော့ စစ်ကောင်စီလိုမျိုး သီးသန့်ပြည်သူတွေကို ပစ်မှတ်တစ်ခုအနေနဲ့ သတ်ဖြတ်တာမျိုး ကတော့ ရာခိုင်နှုန်းအနေနဲ့ကတော့ အနည်းကျဉ်းတော့ရှိချင်ရင် ရှိလိမ့်မယ်။ ရှိလာခဲ့တယ်ဆိုရင်လည်း အရေးယူမှုတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူမှုတွေက တန်းပြီးတော့ လုပ်နိုင်တဲ့ကိစ္စတွေကလည်း များတဲ့အတွက် သူတို့ (Data for Myanmar) က ပြထားတဲ့ ရာခိုင်နှုန်းလောက်တော့ မရှိနိုင်ဘူးပေါ့ဗျာ"
စစ်ကိုင်းတိုင်းမှာ လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်ကစပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ ပိုလုပ်ဆောင်လာပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေရှိရာကို လေကြောင်းပစ်ခတ်တာ ပိုတိုးလုပ်လာတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကတော့ တော်လှန်ရေးတပ်တွေအနေနဲ့ အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်တာမျိုး မရှိသလို ကျုးလွန်ခဲ့တယ်ဆိုရင်လည်း အရေးယူ အပြစ်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ တုံ့ပြန်ပါတယ်။
မြန်မာ့လူ့အခွင့်အရေး ကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ လက်နက်ကိုင် တပ်တွေရဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုကို ကျုးလွန်နေတာလို့ RFA ကို ပြောပါတယ်။
"ဒီဟာကတော့ ရှင်းရှင်းလေးပါပဲ၊ စစ်ရာဇဝတ်မှုလည်း ဖြစ်တယ်၊ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေလည်း ဖြစ်တယ်၊ လူသားတစ်ယောက်အနေနဲ့ လူ့အခွင့်အရေးကတော့ အသက်ရှင်သန်ခွင့်ဆိုတာရှိပြီးသား၊ ဒါကို ချိုးဖောက်တယ်၊ ထိခိုက်တယ်၊ အကြမ်းဖက်တယ်ဆိုကတည်းက ဒီလုပ်ရပ်တွေဟာ ရာဇဝတ်မှုတစ်ခုမြောက်တယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဖြစ်တယ်ပေါ့"
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းပိတ်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် ထိခိုက်သေဆုံးသူ အရပ်သား ငါးထောင်ကျော်ထဲမှာ အသက် ၁၈ နှစ်အထက် အမျိုးသား ၃၇၂၁ ဦးနဲ့ အမျိုးသမီး ၉၁၂ ဦး၊ အသက် ၁၈ နှစ်အောက် အမျိုးသား ၁၈၇ ဦးနဲ့ အမျိုးသမီး ၁၁၅ ဦး၊ အချက်အလက်မပြည့်စုံလို့ ကျား၊ မ မခွဲခြားနိုင်သူ ၃၆၉ ဦး ရှိတယ်လို့ Data for Myanmar ရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် Data for Myanmar တာဝန်ရှိသူ၊ ဒေသခံ၊ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနှင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)