စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦးသေဆုံး

RFA Burmese
2025.03.14
စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦးသေဆုံး မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများကို ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
MDY-PDF

Update: 10: 26 PM, Mar 14, 2025

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို မတ်လ ၁၄ ရက်နေ့က စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးခြောက်ဦး အပါအဝင် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လက်ပံလှကျေးရွာရှိ လူစည်ကားတဲ့စျေးဆိုင်တန်းတွေကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

"ဒီနေ့ညနေ သုံးနာရီဝန်းကျင်မှာ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိဘဲနဲ့ အကြောင်းမဲ့သက်သက် ပြည်သူကိုပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ပံလှစျေးအနီး စျေးရောင်းစျေးဝယ်တွေ စည်ကားတဲ့ စျေးဆိုင်တန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ထိခိုက်သေဆုံးများတယ်လို့ ပြောရင် ရပါတယ်၊ နောက်ဆုံးသိရတဲ့အချက်အလက်တွေအရဆိုရင် ထိခိုက်သေဆုံးတဲ့ပြည်သူ ၂၇ ဦးထိ ရှိခဲ့ပြီလို့ သိရပါတယ်"

MDY PDF ရဲ့ စစ်ဦးစီး ဒေါက်တာစိုးသူရဇော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ လက်ပံလှရွာ ဗုံးကြဲတိုက်ခိုက်မှုဟာ သေဆုံးသူများသလို နောက်ထက်လည်း တိုးလာနိုင်တယ်လို့ ရေးသားထားပါတယ်။

"လက်ပံလှကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတာ ပြည်သူ စုစုပေါင်း (၂၇) ဦး သေဆုံးသွားပါတယ်။ နောက်ထပ်လည်း သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါသေးတယ်။ ပြည်သူတွေ နေ့စဉ် လည်ပတ်လှုပ်ရှားနေကြတဲ့ စျေးကိုမှ ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် ဒဏ်ရာရသူ ပြည်သူအရေအတွက်လည်း အင်မတန်များပါတယ်။ အဝေးပြေးကားတွေ ခေတ္တရပ်နားပြီး ခရီးသည်တွေ ထမင်းစားနားလေ့ရှိတဲ့ လက်ပံလှ ကျေးရွာဟာ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက အင်မတန်မှကို စည်ကားတဲ့ ရွာကြီးတစ်ရွာပါ"

ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ကလည်း လက်ပံလှကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ MDY-PDF ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတယ်လို့လည်း ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွးန်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စဥ့်ကူးမြို့နယ်ကို ဇူလိုင် ၁၇ ရက်နေ့မှာ MDY-PDF ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စစ်ကောင်စီကတော့ စဉ့်ကူးမြို့နယ်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ၃,၇၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။