ရေစကြိုမြို့နယ်မှာ အိမ် ၅၀၀ ကျော်မီးရှို့ခံရပြီး အနည်းဆုံး ၁၁ ဦးအသတ်ခံရ
2025.03.10

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မြေစွန်းတော်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီးနောက် ရွာထဲမှာသတ်ဖြတ်ခံထားရသူ ၁၁ ဦးအလောင်း တွေ့ခဲ့ရတယ်လို့ ရွာခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့မှာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမြို့က ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းက စစ်သား အင်အားနှစ်ရာကျော် စစ်ကြောင်းထိုးစီးနင်းခဲ့တာလို့ ဆိုပါတယ်။
"နှစ်ယောက်ကလွဲရင် ကျန်တာအကုန်လုံး အပစ်ခံရတာ"
ဒါကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ မြေစွန်းတော်ရွာက အိမ် ၂၆၀ ကျော်၊ ဇရပ်နီနဲ့ သာဂေါင်ရွာက အိမ်နှစ်ရာကျော် စုစုပေါင်း အိမ်ငါးရာကျော် မီးရှို့ခံရပြီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းထွက်သွားပြီးနောက် မတ် ၅ ရက်နဲ့ ၇ ရက်နေ့တွေမှာ အသတ်ခံရတဲ့သူတွေကို တွေ့တာလို့ အမည်မဖော်လိုတဲ့ မြေစွန်းတော်ရွာခံတစ်ယောက်က RFA ကို ပြောပါတယ်။
"ပထမ ရွာဝင်ခါစကတော့ ငါးလောင်းကို အရင်တွေ့တယ်ပေါ့ဗျာ။ နောက်မှ သန့်ရှင်းရေး ဝင်လိုက်တော့မှ မြောက်ဖျားထဲကနေပြီးတော့ ခြောက်လောင်းထပ်တွေ့တာပေါ့ဗျာ။ စုစုပေါင်း ၁၁ ယောက်ဗျ။ အရပ်သားတွေချည်းပဲပါ။ ဟိုလူငယ်နှစ်ယောက်ဆိုတာလည်း စိတ်ကျန်းမာရေးသမားတွေ နှစ်ယောက် စလုံးက။ နှစ်ယောက်ကလွဲရင် ကျန်တာအကုန်လုံး အပစ်ခံရတာ"
အသတ်ခံရတဲ့သူတွေထဲမှာ စိတ်ဝေဒနာသည် လူလတ်ပိုင်းနှစ်ယောက် ပါဝင်ပြီး ကိုးယောက်က အသက် ၆၀ ကျော်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကြောင်းထိုး မီးရှို့လို့ မြောင်နဲ့ ရေစကြိုက လူတစ်သောင်းကျော် ထွက်ပြေးရ
ရေစကြိုမှာ စစ်ကြောင်းဝင်ချိန် ဒေသခံငါးဦး သတ်ဖြတ်ခံရပြီး နေအိမ်ငါးရာကျော် မီးရှို့ခံရ
မြောင်နဲ့ ရေစကြိုမှာ စစ်ကြောင်းတွေကြောင့် လူတစ်သောင်းကျော် ထွက်ပြေးနေရ
လက်ရှိအချိန်အထိ စစ်ကြောင်းရန် ကြောက်နေရသေးတဲ့အတွက် ရွာခံတွေအားလုံး ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အသတ်ခံရတဲ့သူတွေထဲမှာ ဖခင်ပါသွားတဲ့အကြောင်း သားဖြစ်သူက RFA ကို ပြောပါတယ်။
"မိဘနှစ်ပါးက နေရစ်ခဲ့တာဗျ။ သူတို့က မရှောင်တာပေါ့ဗျာ။ လူကြီးတွေဆိုတော့ အိမ်ကိုခင်တွယ်ပြီးတော့။ ကျွန်တော်တို့ကလည်း ခေါ်တော့ခေါ်တာပေါ့ဗျာ။ ခေါ်ပေမဲ့လို့ မလိုက်ဘူးရပါတယ် တောင်းပန်လိုက်မှာပေါ့ ဘာညာနဲ့ဆိုပြီးတော့ သူတို့က အဲလိုမျိုးတွေပြောပြောပြီးတော့ အရင်ကတည်းက အဲလိုမျိုးတွေ နေရစ်ခဲ့ဖူးတာ ဆိုတော့လေ။ မီးရှို့ပြီဆိုမှပဲ urgent (အရေးတကြီး) ထွက်တာပေါ့။ urgent ထွက်တဲ့ အချိန်မှာ တွေ့သွားတယ်လို့ ကျွန်တော်တို့က အဲလိုပဲ သိလိုက်ရတာပေါ့ဗျာ။ ရုပ်တွေဘာတွေကတော့ သိပ်မပီပါဘူးဗျာ။ သူတို့က အပေါ်ပိုင်းကို ပစ်ထားတာဆိုတော့။ သိရသလောက်ကတော့ ခေါင်းပိုင်းကို ပစ်ခံရတာ။ ခံစားချက်ကတော့ စိတ်မကောင်းတာပေါ့ဗျာ။ ဒါ ကိုယ့်ရွာသူ၊ ကိုယ့်ရွာသားနဲ့ ကိုယ့်မိဘပေါ့။ ကျန်တာကကြတော့ ကျွန်တော်တို့က ပြည်သူဆိုတော့လေ ဘာမှမလုပ်နိုင်တာကြီးဗျာ"
သေဆုံးသွားသူတွေဟာ အသက် ၆၀ အထက် မြေစွန်းတော်ရွာခံတွေက ဦးဟန်တင်၊ ဦးဌေးမြင့်၊ ဦးသံမဏိ၊ ဦးကြည်ဌေး၊ ဦးအောင်မြိုင်၊ ဒေါ်သန်းပြည့်၊ ဒေါ်လှငွေတို့ဖြစ်ပါတယ်။ အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်တွေက ကိုသန့်ဇင်နဲ့ ကိုအောင်လင်းနိုင်တို့ဖြစ်ပါတယ်။ မာလကာခြံရွာမှာ အသတ်ခံရတဲ့သူတွေက အသက် ၇၀ အရွယ် ဦးညွန့်ဝေနဲ့ အသက် ၅၀ အရွယ် ဦးဆန်းဝင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ မတ်လ ၈ ရက်နေ့က ရေစကြိုဘက်ကနေ မြောင်မြို့နယ်ထဲ ဝင်ရောက်ခဲ့ပေမဲ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ပြန်ဆုတ်သွားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လက်ရှိ အဲဒီစစ်ကြောင်းဟာ သာဂေါင်ရွာမှာရှိနေပြီး မြောင်မြို့နယ်ဘက် စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးက RFA ကို ပြောပါတယ်။
"သာဂေါင်မှာကတော့ သူတို့ မထွက်နိုင်သေးလို့ မထွက်သေးတာပေါ့ဗျာ။ သူတို့ထွက်ရမဲ့ ဦးတည်ချက်ကတော့ မြောင်နယ်ဘက်ကို ဆက်ထွက်မဲ့ ဦးတည်ချက်မျိုးတော့ရှိတယ်။ ဒါပေမဲ့ ဆက်အထွက်မှာပဲ တပ်လှန့်သွားပြီးတော့ ပြန်ဆုတ်သွားကြတာဆိုတော့ အထိအခိုက်ကလည်း များတဲ့အတွက်ကြောင့်မို့လို့။ အဲဒါကြောင့်လည်း မထွက်နိုင်သေးတာ တစ်ကြောင်း။ ပြီးလို့ရှိရင် နောက်ထပ် စစ်ကူအင်အားကလည်း သူတို့ကို မလာပေးသေးတာက တစ်ကြောင်းပေါ့။ အဲဒါကြောင့်မို့လို့ သူတို့ ဆက်မထွက်သေးတာပေါ့ဗျာ။ မြောင်နယ်ဘက်ကို ကူးတဲ့အချိန်မှာ အနည်းဆုံး ခုနစ်ယောက်၊ ရှစ်ယောက်လောက်ကတော့ ကျမှာဗျ။ မျက်စိနဲ့ မြင်ရတာတင်ကိုက ထမ်းသွားရတဲ့ဟာတင်ကိုက လေး၊ ငါးယောက်ကတော့ ရှိတယ်ဗျ"
စစ်ကြောင်းကြောင့် မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၆ ရွာခန့်က ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက မြေစွန်းတော်၊ မြေစွန်းရွာသစ်၊ မာလကာခြံ၊ ဆင်ခြေယာ၊ ရွှေလှံ၊ ဇရပ်နီ၊ သာဂေါင်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက မင်းလှ၊ ငါးရံ့အို၊ မြစ်ဆုံ၊ မြစ်သာ၊ ဆနွင်းကိုင်း၊ ဆူးလေကုန်း စတဲ့ ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာပါ။
ဒီအခြေအနေအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်နဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကနေတဆင့် မတ်လ ၃ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာရွာတွေကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုး မရှိဘဲ PDF တွေကသာ လုပ်နေတာလို့ စွပ်စွဲထားပါတယ်။
အဲဒီစွပ်စွဲချက်တွေဟာ မဟုတ်ဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို မတ်လ ၆ ရက်နေ့မှာ တုံ့ပြန်ထားပါတယ်။