မြောင်နဲ့ ရေစကြိုမှာ စစ်ကြောင်းတွေကြောင့် လူတစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2025.03.08
မြောင်နဲ့ ရေစကြိုမှာ စစ်ကြောင်းတွေကြောင့် လူတစ်သောင်းကျော် ထွက်ပြေးနေရ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထွက်ပြေးနေရသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသခံများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ Yesagyo Township Info Committee Photo

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တို့ကို စစ်ကောင်စီတပ်က အင်အားနှစ်ရာကျော်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ရေစကြိုမြို့နယ်က သာခေါင်းလေး၊ သာခေါင်းကြီး၊ မာလကာခြံနဲ့ မြောင်မြို့နယ်အတွင်းက မင်းလှ၊ ပန်ညို၊ ညောင်ကယားရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မတ် ၇ ရက်နေ့က သာခေါင်းလေးရွာကို စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ မြောင်မြို့နယ်အခြေစိုက် (11 Brothers Revolution Forces) ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုဆာဂျင်က ပြောပါတယ်။

“အရင် စစ်ကြောင်းထိုးနေတဲ့ ရွာတွေအပြင် နောက်ထပ်ရွာတွေကိုပါ စစ်ကြောင်းက ထပ်ထိုးနေတာ။ အခုစစ်ကြောင်းက သာခေါင်းလေးရွာ၊ သာခေါင်းကြီးရွာကို ရောက်နေပြီ။ ရွာသားတွေကတော့ ရွာအပြင်ဘက်တွေကို ရှောင်နေကြရတယ်”

စစ်ကြောင်းတွေ ဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေမှာ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကတော့ တောင်ယာတွေနဲ့ စစ်ကြောင်း လွတ်ကင်းရာမှာ ပုန်းခိုနေကြရပြီး စားရေးသောက်ရေး ခက်ခဲနေတာကြောင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်နဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။