ရေစကြိုမှာ စစ်ကြောင်းဝင်ချိန် ဒေသခံငါးဦး သတ်ဖြတ်ခံရပြီး နေအိမ်ငါးရာကျော် မီးရှို့ခံရ

RFA Burmese
2025.03.06
ရေစကြိုမှာ စစ်ကြောင်းဝင်ချိန် ဒေသခံငါးဦး သတ်ဖြတ်ခံရပြီး နေအိမ်ငါးရာကျော် မီးရှို့ခံရ မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ရွာတစ်ရွာမှ နေအိမ်များ မီးလောင်နေသည်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် တွေ့ရစဥ်။
Facebook/ Yesagyo Township Info Committee

Updated 4:53 PM Mar 6, 2025

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာတွေကို စစ်ကောင်စီတပ်က စီးနင်း မီးရှို့နေပြီး အရပ်သား ငါးဦးရဲ့ ရုပ်အလောင်းတွေကို မတ်လ ၅ ရက်ကမှ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို မတ်လ ၆ ရက်မှာ ပြောပါတယ်။

ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်က အင်အား နှစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ရွာကို မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ စီးနင်း မီးရှို့ခဲ့ပြီးနောက် ထွက်မပြေးနိုင်တဲ့ အရပ်သားတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

မီးငြိမ်းလို့ ရွာခံတစ်ချို့ မတ်လ ၅ ရက်နေ့မှ ရွာပြန်ဝင်ကြည့်တဲ့အခါ ရုပ်အလောင်းတွေကို တွေ့ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အလောင်းတွေ့တာ ငါးလောင်းဗျ။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း ပါတယ်ဗျ။ သူ့ဟာနဲ့သူ စိတ်မနှံ့တဲ့သူကိုလည်း လက်ပြန်ကြိုးတုပ်ပြီး မီးရှိ့သတ်သွားတာ တွေ့တယ်။ နောက်ပြီး တောတစ်နေရာ ခပ်ဝေးဝေးလောက်မှာလည်း ပစ်သတ်ထားတာ တွေ့တယ်။ လျှပ်တစ်ပြတ်လေး ဝင်ကြည့်ရုံ ကြည့်နိုင်သေးတာ၊ အကုန်လုံး ဝင်မကြည့်နိုင်သေးပါဘူးဗျ။။ လက်ပြန်ကြိုးတုပ်ထားတဲ့ဟာတွေလည်း တွေ့တယ်ဗျ။ ဒီတိုင်းပစ်သတ်ထားတဲ့ဟာတွေလည်း တွေ့တယ်။ မီးရှို့ထားတာဆိုတော့ တချို့ကျတော့လည်း အလောင်းသာတွေ့တာ၊ ဘယ်သူဘယ်ဝါမှန်း မသဲကွဲတဲ့ထိအောင် တွေ့တာကိုး"

အသက် ၃၀ ကျော် နှစ်ဦးနဲ့ သက်ကြီးရွယ်အိုတွေ မီးလောင်သေဆုံးတာဖြစ်ပြီး ရုပ်အလောင်းတွေ ပျက်စီးနေတာကြောင့် ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒါ့အပြင် ရွာရဲ့အခြေအနေ ပြန်ဝင်ကြည့်တဲ့ မြေစွန်းတော်ရွာခံ လေးဦးလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မြေစွန်းတော်ရွာနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

မြေစွန်းတော်ရွာ နှစ်ရက်ဆက် မီးရှို့ခဲ့ပြီးနောက် အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ မတ်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ဇရပ်နီရွာနဲ့ သာဂေါင်ရွာတို့ကို ဝင်ရောက် မီးရှို့နေတယ်လို့ အဲဒီရွာတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ်က မြေစွန်းတော်၊ ဇရပ်နီနဲ့ သာဂေါင်ရွာတို့ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရပြီး အိမ် ငါးရာကျော် မီးရှို့ခံရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"မြေစွန်းရယ်၊ ဇရပ်နီရယ်၊ သာဂေါင်ရယ် အဲဒီ သုံးရွာက ရွာလုံးကျွတ်ရှို့တာ။ အားလုံး ကျွန်တော့်အထင် ခန့်မှန်းခြေ အိမ်ခြေ ခြောက်ရာလောက်ကတော့ ရှိမှာ လောင်သွားတဲ့ဟာကတော့။ ရွာပေါင်းက ဆယ်ရွာမကဘူး ရှောင်ရတာ၊ လူဦးရေ နှစ်သောင်းလောက်တော့ ရှိမှာ"

စစ်ကြောင်းကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၅ ရွာခန့်က ဒေသခံ နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သူက ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ရွာမှ မီးရှို့ခံရသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ Yesagyo Township Info Committee)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ရွာမှ မီးရှို့ခံရသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ Yesagyo Township Info Committee)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က မြေစွန်းတော်၊ မြေစွန်းရွာသစ်၊ မာလကာခြံ၊ ဆင်ခြေယာ၊ ရွှေလှံ၊ ဇရပ်နီ၊ သာဂေါင်၊ နွားမော့ စတဲ့ ရွာပေါင်း ဆယ်ရွာခန့်နဲ့ နယ်မြေတစ်ဆက်တည်းရှိနေတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက မင်းလှ၊ ငါးရံ့အို၊ မြစ်ဆုံ၊ မြစ်သာ စတဲ့ ရွာပေါင်း ငါးရွာခန့်ကလည်း စစ်ကြောင်းထိုးမှာစိုးရိမ်တဲ့အတွက် ဘေးလွတ်နိုင်မဲ့ ကျေးရွာတွေဘက် မတ်လ ၂ ရက်နေ့လောက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်၊ ရေလယ်ကျွန်းဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး ရေလယ်ကျွန်းဒေသကို တစ်ကျော့ပြန် စစ်ကြောင်းထိုး စီးနင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကြောင်းထိုး မီးရှို့လို့ မြောင်နဲ့ ရေစကြိုက လူတစ်သောင်းကျော် ထွက်ပြေးရ

ပေါက်နဲ့ မြိုင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး

မြိုင်က PDF မင်္ဂလာဆောင် ဗုံးကြဲခံရပြီး ဆယ်ဦးထက်မနည်း သေဆုံး


ရေလယ်ကျွန်းဒေသ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်း စဝင်လာချိန်က တိုက်ပွဲတွေရှိခဲ့ပြီး လက်နက်ခဲယမ်း အလုံအလောက်မရှိတာကြောင့် စစ်ကြောင်းကို ဆက်မဟန့်တားနိုင်ဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အင်အားက နှစ်ရာကျော် ရှိတယ်ဗျ။ အဓိကကတော့ ဒီဘက်က အဖွဲ့တွေကတော့ ကျည်တို့ ဘာတို့ လိုတော့ကျတော့ မတိုက်နိုင်ဘူး ဖြစ်နေတယ်။ သေနတ်ရှိပြီး ကျည်မရှိတော့ မတိုက်နိုင်ဘူး ဖြစ်နေတယ်။ အမှန်တစ်ကယ်တော့ မဟန့်တားနိုင်ဘူးပေါ့လေ။ ပထမဆုံး ဝင်လာလာချင်းကတော့ ဒီဘက်က ကျည်များများနဲ့ လုပ်လိုက်တော့ သူတို့ဆီက အယောက် နှစ်ဆယ်ဝန်းကျင်လောက်ပေါ့ အရှင်ဖမ်းရတာနဲ့ ဘာနဲ့ဆိုတော့။ လက်နက်တချို့လည်း ရလိုက်တယ်"

စစ်ဘေးဒုက္ခသည်တွေဟာ တောင်သူလုပ်ငန်းတွေကို ပစ်ထားကာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး ရာသီဥတု အပြောင်းအလဲကြောင့် ကျန်းမာရေးချို့ယွင်းတာတွေလည်းရှိတယ်လို့ ရေစကြိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လုပ်ငန်းတွေကလည်း မသိမ်းရ၊ နောက်ပြီးတော့ ကလေးသူငယ်တွေကလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတာဆိုတော့ အဓိကက ဆေးဝါးတို့၊ စားနပ်ရိက္ခာတို့က အဓိက လိုအပ်ချက်လို့ ပြောလို့ရတယ်။ တပေါင်းလထဲရောက်လာပြီဆိုတော့ နေ့ပူ ညချမ်းပေါ့။ မနက်ပိုင်းဆိုလို့ရင် တအားအေးတဲ့အတွက် တော်တော်များများ ချောင်းဆိုးတာ၊ နှာစေးတာ၊ ဖျားနာတာမျိုးတွေတော့ ရှိတယ်ပေါ့။ အခက်အခဲကတော့ အကုန်လုံး တော်တော်များများပါပဲ"

"အဓိကက ဆေးဝါးတို့၊ စားနပ်ရိက္ခာတို့က အဓိက လိုအပ်ချက်လို့ ပြောလို့ရတယ်"

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြတာကို စစ်ကောင်စီမီဒီယာတွေက မတ်လ ၃ ရက်နေ့က ငြင်းဆန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဘူးလို့လည်း ဖော်ပြပါတယ်။

လက်တွေ့မှာ စစ်ကောင်စီ တုံ့ပြန်တဲ့အတိုင်း မဟုတ်ဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို မတ်လ ၆ ရက်မှာ ပြောပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်နဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အိုင်မကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများအား တွေ့ရစဉ်။ (Citizen Photo)
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အိုင်မကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခံရပြီး အပျက်အစီးများအား တွေ့ရစဉ်။ (Citizen Photo)

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ခြောက်ထောင်ခန့် (၆၃၈၀ ဦး) အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၁၁၀,၀၀၀ ကျော် (၁၁၂,၄၈၅ လုံး) ရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် ရေစကြိုမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ၊ ရေစကြိုဒေသခံတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။