မြိုင်က PDF မင်္ဂလာဆောင် ဗုံးကြဲခံရပြီး ဆယ်ဦးထက်မနည်း သေဆုံး

RFA Burmese
2025.02.25
မြိုင်က PDF မင်္ဂလာဆောင် ဗုံးကြဲခံရပြီး ဆယ်ဦးထက်မနည်း သေဆုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြိုင်မြို့နယ်၊ ဆုံကုန်းရွာ အဆောက်အအုံတချို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။
Facebook/ Red Peacock Photo

Updated 5:36 PM, Feb 25,2025

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းရွာမှာကျင်းပနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာပွဲကို မနက် ဆယ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲသွားတာကြောင့် လူဆယ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ မြိင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က RFA ကို ပြောပါတယ်။

“သေဆုံးသူတွေထဲမှာ မင်္ဂလာပွဲအတွက် အစားအသောက် ချက်ပြုတ်သူတွေ ပိုများပါတယ်”

မင်္ဂလာပွဲ ကျင်းပနေချိန်မှာ နှစ်ကြိမ် ဗုံးကြဲခဲ့တာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“မင်္ဂလာပွဲ ကျင်းပနေတဲ့အချိန်မှာပဲ ထမင်းကျွေးတဲ့ ထမင်းချက်ဖို့နားကို တည့်တည့်ကျတာဗျ။ ပျက်ဆီးတာတော့ ဘုန်းကြီးကျောင်း အဆောက်အအုံ ပျက်ဆီးသွားတယ်။ ပြီးလို့ရှိရင် အိမ်တစ်လုံးပါ မီးလောင်သွားတယ်။ ပြည်သူကတော့ ဆယ်လောက်ကျော် သေဆုံးတယ်ဗျ။ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိတယ်ဗျ”

ဗုံးကြဲခံရတဲ့နေရာကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ရှင်းလင်းနေဆဲဖြစ်တာကြောင့် အသေးစိတ် အချက်အလက်တွေကို မသိရသေးဘဲ ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ပိုများနိုင်တယ်လို့ သူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြိုင်မြို့နယ်၊ ဆုံကုန်းရွာ အဆောက်အအုံတချို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Facebook/ Red Peacock Photo)
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြိုင်မြို့နယ်၊ ဆုံကုန်းရွာ အဆောက်အအုံတချို့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (Facebook/ Red Peacock Photo)

သေဆုံးသူတွေထဲမှာ မင်္ဂလာပွဲအတွက် အစားအသောက် ချက်ပြုတ်သူတွေ ပိုများတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သတို့သမီး၊ သတို့သားက ဒေသခံတွေနဲ့ ရင်းနှီးတော့ ချက်ပြုတ်တဲ့သူတွေ အသေအပျောက်များတယ်။ သူတို့မင်္ဂလာပွဲကို ဝိုင်းဝန်းပြီး ကူချက်ပေးတဲ့ ဒေသခံတွေပေါ့။ ဒဏ်ရာရတဲ့သူတွေကို ရှာတုန်းခင်ဗျ”

စစ်ကောင်စီရဲ့ မိတ္ထီလာ ရှမ်းတဲ လေတပ်က ဗုံးကြဲသွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရှမ်းတဲလေတပ်က ကြဲသွားတာ။ နှစ်ခါကြဲတာပေါ့။ ပထမအကြိမ်ရော နောက်ထပ်အကြိမ်ရော ဆုံကုန်း ရေနံမှော်ဘက်ပေါ့။ မြိုင်နယ်အနောက်တောင်ပိုင်းပေါ့။ ပေါင်ငါးရာတွေနဲ့ ချသွားတာ”

ဗုံးကြဲခံရတဲ့ ဆုံကုန်းရွာအပြင် အနီးအနားက ကြက်ဆူအိုင့်၊ နသတ် စတဲ့ရွာတွေက ဒေသခံ တစ်ထောင်ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး အဖွဲ့တွေကလည်း ဒေသခံတွေကို လူစုလူဝေး မလုပ်ကြဖို့နဲ့ ဘေးလွတ်ရာကို ရှောင်နေကြဖို့ နှိုးဆော်ထားပါတယ်။


ဆက်နွှယ်သောသတင်းများ

မြိုင်မှာ စစ်ကြောင်းထိုးချိန် နေအိမ်ငါးဆယ်ခန့် မီးလောင်၊ အရပ်သားတချို့ ထိခိုက်သေဆုံး

မြိုင်မှာ NUG ရဲ့ အောင်ဆန်းတက္ကသိုလ် ဗုံးကြဲတိုက်ခိုက်ခံရ

ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီ ရေနံမြေနှစ်ခု PDF တွေ သိမ်းပိုက်


စစ်ကောင်စီတပ် ဗုံးကြဲတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာတော့ ဆုံကုန်းရွာမှာ ပြုလုပ်နေတဲ့ PDF အဖွဲ့ရဲ့ မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာမှန်ကန်ပြီး PDF အများအပြား သေဆုံးခဲ့တယ်လို့ ရေးသားဖြန့်ဝေနေကြပါတယ်။

RFA က စုစည်းထားတဲ့ စာရင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်းက ဒေသခံ ၁၇၆၉ ဦး သေဆုံးခဲ့ပါတယ်။

(မှတ်ချက် - ဤဆောင်းပါးတွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူနှင့် ဒေသခံတစ်ဦးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။