ပေါက်နဲ့ မြိုင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး

RFA Burmese
2025.03.03
ပေါက်နဲ့ မြိုင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လက်ပံတိုရွာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့် အဆောက်အအုံများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ အညာမြေ တပ်ပေါင်းစု

Updated 4:50 PM Mar 3, 2025

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြိုနယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၃ ရက်နေ့ မနက်အစော ၁ နာရီခန့်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ရေနံမှော်တွေရှိတဲ့ လက်ပံတို၊ ဘောင်ဘင်၊ သရက်ကန်၊ ဆုံကုန်း၊ ဆူးဝင်း၊ ဆိတ်ချေး၊ ညောင်ကုန်းနဲ့ ဂျူတ်ကုန်းကျေးရွာ အပါအဝင် ရွာပေါင်းဆယ်ရွာခန့်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် သေဆုံးသူ ၁၅ ဦးခန့်နဲ့ ဒဏ်ရာရသူ ၁၆ ဦးရှိပြီး အားလုံးဟာ အရပ်သားတွေဖြစ်တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ျာက RFA ကို ပြောပါတယ်။

"မြိုင်နဲ့ ပေါက် နှစ်မြို့နယ်မှာပေါ့။ ဒီနေ့ ၃ ရက်နေ့မနက် ၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ဆယ်နေရာလောက် ပြုလုပ်သွားတယ်။ အဲဒီမှာ ဂျက်ဖိုက်တာ နှစ်စင်း၊ သုံးစင်းလောက်ပါမယ်။ သုံးစင်းလောက်ဖြစ်မယ်၊ သူတို့ ဆက်တိုက် ပျံဝဲပတ်နေတာ။ Y-12 ကတော့ ရွာတိုင်းကို အကုန်လုံးချသွားတာပေါ့။ အခုလောလောဆယ် စာရင်းအတည်ပြုထားတာတော့ သေဆုံးတာက ၁၅ ဦး လောက်ရှိတယ်"

အဲဒီရွာတွေမှာရှိတဲ့ ရေနံမှော်ကရရှိလာတဲ့ငွေကြေးနဲ့ ကာကွယ်ရေးအဖွဲ့တွေ လက်နက်ခဲယမ်းဝယ်ယူနေတယ်လို့ စစ်ကောင်စီဘက်ကယူဆပြီး အခုလိုတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

"ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း အမြန်ဆုံး ပြတ်ပြတ်သားသား အရေးယူသင့်တယ်၊၊ အခု ကျွန်တော်တို့ ပြည်သူတွေက တော်တော်လေးကို လန့်နေတယ်ဗျ"

လေကြောင်းရန်ကို စိုးရိမ်နေရတယ်လို့ အမည်မဖော်လိုတဲ့ မြိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အသံတွေ ကြားရတာပေါ့။၊ ကျွန်တော်တို့ ရွာတွေပေါ်တွေရော ဝဲနေတာ၊ ကျွန်တော်တို့နဲ့ အနီးလေးပေါ့၊၊ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ အားလုံးအနေနဲ့ အခုလို လူတွေကို ညအိပ်ချိန်မှာလုပ်တာ တော်တော်လေးကို မတရားဘူးဗျနော်၊၊ နိုင်ငံတကာ ဒီ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း အမြန်ဆုံး ပြတ်ပြတ်သားသား အရေးယူသင့်တယ်၊၊ အခု ကျွန်တော်တို့ ပြည်သူတွေက တော်တော်လေးကို လန့်နေတယ်ဗျ"

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လက်ပံတိုရွာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့် အဆောက်အအုံများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Facebook/ အညာမြေ တပ်ပေါင်းစု)
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လက်ပံတိုရွာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့် အဆောက်အအုံများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Facebook/ အညာမြေ တပ်ပေါင်းစု)

သေဆုံးသွားသူတွေကို သင်္ဂြိုဟ်တာနဲ့ ဒဏ်ရရာရသူတွေ ဆေးဝါးကုသမှု လုပ်ပေးနေတယ်လို့ ပေါက်မြို့နယ်ထဲမှာရှိတဲ့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီ သေဆုံးသွားတဲ့သူတွေကိုတော့ သင်္ဂြိုဟ်ဖို့အတွက်ရယ်၊ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ကျွန်တော်တို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေ ပို့တယ်၊၊ ဒီ ကလေးငယ်တွေကို မန္တလေးဘက်ထိ ပို့ရတာမျိုးတွေ ရှိတယ်ဗျ၊၊ ကျွန်တော်တို့ ပေါက်မြို့နယ်ထဲမှာတော့ လောလောဆယ် သေဆုံးတဲ့သူစာရင်းကတော့ ခြောက်ဦး ရှိသွားပြီဗျ။ ထိခိုက်ဒဏ်ရာရသူက ငါးဦးပေါ့၊၊ ဆေးရုံကိုသွားရပို့ရတဲ့သူတွေမှာ လမ်းမှာ သေဆုံးတာရှိနေပြီလို့ သိရတယ်။ ဒါပေမဲ့ အသေးစိတ်တော့ ကျွန်တော် အတည်ပြုလို့ မရသေးဘူးဗျနော်"

လေကြောင်းတိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

စစ်ကြောင်းထိုး မီးရှို့လို့ မြောင်နဲ့ ရေစကြိုက လူတစ်သောင်းကျော် ထွက်ပြေးရ

မြိုင်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ

ပေါက်မှာ စစ်ကြောင်းထိုးနေလို့ လူတစ်သောင်းခန့် ထွက်ပြေးနေရ


အခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ ဆုံကုန်းရွာမှာကျင်းပနေတဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတစ်ကြိမ်မှာလည်း အဲဒီဆုံကုန်းရွာ အပါအဝင် ငါးမိုင်ပတ်လည်မှာရှိတဲ့ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက‌ ပြောပါတယ်။

(မှတ်ချက် - ဤသတင်းတွင် မြိုင်ဒေသခံနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။