မြိုင်မှာ စစ်ကြောင်းထိုးချိန် နေအိမ်ငါးဆယ်ခန့် မီးလောင်၊ အရပ်သားတချို့ ထိခိုက်သေဆုံး

RFA Burmese
2025.02.20
မြိုင်မှာ စစ်ကြောင်းထိုးချိန် နေအိမ်ငါးဆယ်ခန့် မီးလောင်၊ အရပ်သားတချို့ ထိခိုက်သေဆုံး မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ဆောက်ရွာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ပျက်စီးနေသည့် နေအိမ်အချို့ကို တွေ့ရစဉ်။
We Love Myaing

မကွေးတိုင်း မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ကျောက်ဆောက်ရွာက နေအိမ် ၄၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပြောပါတယ်။

ကျောက်ဆောက်ရွာကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ စစ်ကြောင်းထိုး မီးရှို့ချိန် ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို အဘွားတစ်ဦး မီးလောင်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောက်ဆောက်ရွာက နေအိမ် ၄၈ လုံး မီးရှို့သွားတယ်ဗျ။ အဘွားကြီးတစ်ယောက်က မီးလောင်နေတဲ့ နေအိမ်ထဲမှာ သေဆုံးနေတာကို တွေ့ရတယ်ဗျ”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မြိုင်မြို့ကနေ ထွက်လာတဲ့ အဲဒီစစ်ကြောင်းဟာ ထန်းဘူးတောရွာက ဒေသခံတချို့ကို စစ်ကြောင်းအရှေ့ကနေ ဓားစာခံအဖြစ် ဖမ်းခေါ်လာချိန် မြိုင်မြို့ အရှေ့တောင်ဘက် ဂေါက်ကွင်းအနီး မိုင်းနင်းမိတာကြောင့် ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေထဲက အမျိုးသမီး နှစ်ဦး သေဆုံးပြီး၊ အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတချို့ သေဆုံးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းဟာ ကျောက်ဆောက်ရွာ နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကို ယူဆောင်ပြီး ပခုက္ကူမြို့နယ်ဘက်ကို ထွက်ခွာနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၉ ရက်နေ့ကလည်း ပခုက္ကူက လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ပခုက္ကူ-မြိုင် ကားလမ်း တစ်လျှောက်က ရွာတွေကို စစ်ကြောင်းထိုးတာကြောင့် ရွာဆယ်ရွာထက်မနည်းက လူတစ်သောင်းခန့် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၁၀၇,၀၀၀ နီးပါး (၁၀၆,၉၅၀ လုံး) ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။