နှစ်ပတ်အတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရေစကြိုဒေသခံ ၁၇ ဦးထက်မနည်း သေဆုံး
2025.03.14

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက သာဂေါင် (ရွာမ) ရွာကို စစ်ကောင်စီတပ်က တစ်ပတ်နီးပါး ဝင်ရောက်တပ်စွဲပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း ခြောက်လောင်း တွေရှိခဲ့တာကြောင့် နှစ်ပတ်အတွင်း ရေလယ်ကျွန်းဒေသမှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးထက်မနည်း ရှိခဲ့တယ်လို့ Yesagyo Township Info Committee အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ Yesagyo Township Info Committee တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ရုပ်အလောင်း ၁၇ လောင်းတွေ့တယ်၊ ၁၅ ယောက်အတည်ပြုနိုင်ပြီးတော့ နှစ်ယောက်က ဘယ်သူဘယ်ဝါ မသိရသေးဘူး၊ အခြား သတ်ဖြတ်ခံရသူတွေ ရှိနိုင်သေးတယ်၊ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်"
သတ်ဖြတ်ခံရသူတွေဟာ မြေစွန်းတော်ရွာမှာ ကိုးဦး၊ သာဂေါ (ရွာမ)က သုံးဦး၊ မာလကာခြံရွာမှာ နှစ်ဦး၊ သာဂေါင်လေးရွာက တစ်ဦးပါဝင်ပြီး အတည်ပြုလိုမရသေးတဲ့သူ နှစ်ဦးရှိတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သာဂေါင် (ရွာမ) ကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ဒေသခံတွေက နှိပ်စက်၊ မီးရှို့ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့တာလို့လည်း ဆိုပါတယ်။
သေဆုံးသူတွေမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဉ် မရှောင်တိမ်းနိုင်တဲ့ သာဂေါင်(ရွာမ) ကျေးရွာက အသက် ၉၁ နှစ်အရွယ် ဦးအုန်း၊ ၇၀ အရွယ် ဒေါ်စန်းဝေ တို့ပါဝင်သလို ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင်၊ သာဂေါင်လေးရွာက အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခြားတွေ့ရှိတဲ့ ရုပ်အလောင်းနှစ်ခုကတော့ သာဂေါင်ရွာက မဟုတ်ဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တဲ့ အရပ်သားတွေဖြစ်ပြီး ရုပ်ပျက်နေတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
မြေစွန်းတော်ရွာထဲကို မတ်လ ၂ ရက်၊ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ဒေသခံတွေကို သတ်ဖြတ်သွားတဲ့အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂ ရက်နေ့ကစပြီး ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နဲ့ ရေစကြိုမြို့က ခမရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းက စစ်သား အင်အားနှစ်ရာကျော်နဲ့ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုး စီးနင်းခဲ့တာလို့လည်း ပြောပါတယ်။
အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကြောင်းကြောင့် မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၆ ရွာခန့်က ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
အိမ်ခြေ သုံးရာကျော်ရှိတဲ့ မြေစွန်းတော်ရွာက အိမ် ၂၆၀ ကျော်၊ ဇရပ်နီနဲ့ သာဂေါင်ရွာက အိမ်နှစ်ရာကျော်၊ စုစုပေါင်း အိမ်ငါးရာကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကနေတစ်ဆင့် မတ်လ ၃ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။