ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ၁၀၆ ဦး နဲ့ အဖွဲ့အစည်း ၂၂ ခုကို EU က ပိတ်ဆို့မှု သက်တမ်း ထပ်တိုး
2025.04.28
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ စစ်ဗိုလ်ချုပ်များ အပါအဝင် လူပုဂ္ဂိုလ် ၁၀၆ ဦး နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့မှု ၂၀၂၆ ခုနှစ် ဧပြီလ အထိ ထပ်မံသက်တမ်းတိုးကြောင်း EU ဥရောပသမဂ္ဂ က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နဲ့ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် EU က အရေးယူပိတ်ဆို့မှု တွေကို နှစ်စဉ်သက်တမ်းတိုးလာခဲ့တာဖြစ်ပြီး အခုလည်း တစ်နှစ်ထပ်မံ သက်တမ်း တိုးမြှင့်လိုက်တာပါ။
EU ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက မြန်မာစစ်တပ်ရဲ့ ဆန္ဒပြပြည်သူတွေအပေါ် အရေးယူ ဆောင်ရွက်မှုတွေကို အပြင်းထန်ဆုံးရှုတ်ချကြောင်း ထပ်တလဲလဲပြောကြားခဲ့ပြီး အကြမ်းဖက်မှုပုံစံအားလုံး အဆုံးသတ်ဖို့ နဲ့ မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ နဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး နောက်ထပ် တင်းကျပ်တဲ့စီမံချက်တွေ ချမှတ်ဖို့ လည်း EU က အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တာဝန်ယူမှု တာဝန်ခံမှု နဲ့ ငြိမ်းချမ်းတဲ့အနာဂတ်တည်ဆောက်ရေး အတွက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုတွေအပေါ် EU က ဆက်လက်ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
EU က အရေးယူထားတဲ့သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးများ၊ တရားရေးအဖွဲ့ဝင်များ နဲ့ ကြည်း၊ရေ၊လေ စစ်ဗိုလ်ချုပ်များ၊ စစ်တပ်ထောက်ခံတဲ့ စီးပွားရေးသမားတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
စီပွားရေးပိတ်ဆို့အရေးယူထားတဲ့ အဖွဲ့အစည်း ၂၂ ခုထဲမှာ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင် နဲ့ စစ်တပ်ထိန်းချုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ် ကြည်း ရေ လေတပ် နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပါဝင်ပါတယ်။
ပိတ်ဆို့အရေးယူမှုတွေထဲမှာ ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခြင်း၊ ကုန်သွယ် စီးပွားခွင့် ပိတ်ပင်ခြင်း၊ လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် ဗီဇာပိတ်ပင်တာ၊ ငွေကြေးဆိုင်ရာ ပိတ်ပင်တာတွေ ပါဝင်ပါတယ်။