စစ်ခေါင်းဆောင် နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အာဆီယံအနေနဲ့ သတိပြုဖို့ NUG နဲ့ တော်လှန်ရေးမဟာမိတ်တွေ ပြော

RFA Burmese
2025.04.16
စစ်ခေါင်းဆောင် နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အာဆီယံအနေနဲ့ သတိပြုဖို့  NUG နဲ့  တော်လှန်ရေးမဟာမိတ်တွေ ပြော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ Photo: CNN
CNN

မြန်မာပြည်သူတွေကို နှစ်သစ်ကူးကာလမရှောင် နေ့စဉ်ရက်ဆက် လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံက တွေ့ဆုံမယ့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် ဒီမိုကရေစီ အင်အားစုတွေက ကြေညာချက် ထုတ်ပြန် ပါတယ်။

မြန်မာပြည်မှာ အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ မြန်မာပြည်သူက ပိုင်ဆိုင်ပြီး မြန်မာပြည်သူဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ဖို့ စစ်ခေါင်းဆောင် နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အထူးသတိပြုဖို့ ဒီအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံကြပြီး ငလျင်ဘေးသင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ ဆွေးနွေးမယ်လို့ သိရှိရကြောင်း၊ စစ်ခေါင်းဆောင်ကတဆင့် ပေးအပ်ရင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ နိုင်ငံရေးအရ တလွဲအသုံးချမယ့် အန္တရာယ် ရှိနေတာကြောင့် အထူးစိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

ဒီအကူအညီတွေကို တိုင်းပြည်နယ်နိမိတ် ၂၂ ရာခိုင်နှုန်းသာ ထိန်းချုပ်စီမံနိုင်တဲ့ စစ်အုပ်စုထံ တိုက်ရိုက်မပေးအပ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိ ပါဝင်ပတ်သက်သူ အစုအဖွဲ့အားလုံးကို ချိတ်ဆက်ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးဒဏ် နဲ့ ငလျင်ဒဏ်ကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီရေး နဲ့ ပြန်လည်ထူထောင်ရေး အရေးတကြီး ဆောင်ရွက်ရမယ့်ကာလမှာာ စစ်ကောင်စီက တဖက်သတ်ကျင်းပမယ့် ရွေးကောက်ရေးဟာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်း ဒီအဖွဲ့တွေက သတိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် WLB၊ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ FRC နဲ့ အမည်မဖော်လိုတဲ့ အင်အားစုတွေက ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။