အာဆီယံဥက္ကဌ နဲ့ မြန်မာစစ်ခေါင်းဆောင် ဘန်ကောက်မှာ တွေ့ဆုံမည်
2025.04.14

အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင် နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ အခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံမှာဖြစ်ပြီး မြန်မာပြည်တွင်းစစ် နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးမှာဖြစ်တယ်လို့ The Straits Times သတင်းက ဖော်ပြပါတယ်။
“ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကပြောကြားချက်ကို သတင်းမှာ ဖော်ပြပါတယ်။
ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံက ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာတွေပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်လို့ အန်နဝါ အီဘရာဟင်က ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ဆုံမယ် ဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုချက်ရဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့ မြန်မာစစ်အစိုးရကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ကြိုးပမ်းသွားမယ်လို့ အန်နဝါ အီဘရာဟင်ကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဧပြီ ၁၈ ရက်နေ့ ဘန်ကောက်မှာ တွေ့ဆုံချိန်မှာ မေတ္တာရပ်ခံသွားမယ်လို့လည်း ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီလ အစောပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ BIMSTEC ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာတော်လှန်ရေးအင်အားစုတွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မစ္စတာသက်ဆင်က စစ်ခေါင်းဆောင်ကို အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံနဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးမူတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် အာဆီယံက ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။