ငလျင်ကယ်ဆယ်ရေး အကာအကွယ်ဦးထုပ်နဲ့ လက်အိတ်တွေ လိုအပ်နေကြောင်း စစ်ကောင်စီပြော
2025.03.31

မြန်မာနိုင်ငံမှာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အကာအကွယ် ဦးထုပ်နဲ့ လက်အိတ်တွေမရှိတာကြောင့် နိုင်ငံတကာက ကူညီပေးကြဖို့ စစ်ကောင်စီက အကူအညီတောင်းလိုက်ပါတယ်။
ငလျင်ကယ်ဆယ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို နိုင်ငံပိုင်သတင်းဋ္ဌာန MRTV က မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီအဖွဲ့တွေ၊ မီးသတ်၊ ရဲတပ်ဖွဲ့တွေ ကူညီကယ်ဆယ်နေပေမဲ့ လိုအပ်တဲ့ အကာအကွယ်တွေမရှိဘူးလို့ ပြောပါတယ်။
“အားလုံးကြည့်လိုက်ပါ၊ ယူနီဖောင်းတွေဝတ်ထားတယ်၊ တတ်နိုင်တဲ့ အကာအကွယ်တွေဝတ်ထားပေမဲ့ ပြိုကျနေတဲ့ မာကျောတဲ့အင်္ဂတေတွေ၊ အုတ်တွေ၊ သံချောင်းတွေ ဖယ်ထုတ်နေတာ မြင်မှာပါ။ သူတို့လက်မှာ ဘာလက်အိတ်မှ စွပ်ထားတာ မတွေ့ရပါဘူး။ အကာအကွယ် ဦးထုပ် မပါပါဘူး။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာက တတ်နိုင်သမျှ ကူညီပေးပါ”
ဒီအပြင် လမ်း၊ တံတား၊ အဆောက်အအုံတွေ အများအပြား ငလျင်ကြောင့် ပျက်စီးသွားတဲ့အတွက် ပြန်လည်ထူ ထောင်ရေးလုပ်ဖို့လည်း အကူအညီတွေအများအပြားလိုအပ်တယ်လို့ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ၊ သံချောင်းနဲ့ ကတ္တရာတွေလည်း လှူဒါန်းပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ရုရှားနဲ့ တရုတ်နိုင်ငံတွေကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့သလို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက်လည်း စစ်အသုံးစာရိတ်ကို တိုးမြှင့်ထားပါတယ်။
တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြည်သူ့ဘဏ္ဍာအများအပြားကို စစ်တပ်အတွက် အသုံးပြုခဲ့ပေမဲ့ သဘာ၀ဘေးကာကွယ်ရေးအတွက် လက်အိတ်နဲ့ ဦးထုပ်လို အခြေခံအသုံးအဆောင်တွေတောင် အလုံအလောက်မရှိတာဟာ ဆိုးရွားလွန်းတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဝေဖန်ပါတယ်။
“ကျွန်မတို့ တိုင်းပြည်မှာ ဝင်ငွေတွေရှိတယ်။ မရှိတာမဟုတ်ဘူး။ ဘာဖြစ်လို့ မကယ်နိုင်လဲ တိုင်းပြည်မတိုးတက်တာလဲဆိုတော့ စစ်တပ်ကြောင့်ပဲ၊ သူတို့က ကိုယ့်အိတ်ထဲကိုပဲ ကိုယ်ထည့်ဖို့ကြည့်တာ”
ငလျင်အကြီးအကျယ်မလှုပ်ခင် မတ်လ ၂၇ ရက်တုန်းကတော့ စစ်ကောင်စီဥက္ကဋ္ဌဟာ စစ်ကိုဆက်ပြီးဆင်နွှဲမယ်လို့ ပြောခဲ့သလို ငလျင်ကာလအတွင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်အပါအဝင် နေရာတချို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီလိုသေရေးရှင်ရေးကာလမှာ လူ့အသက်တွေကိုကယ်ဖို့၊ လိုအပ်တဲ့ နေရာတွေကို ကူညီဖို့ အာရုံစိုက်နိုင်အောင် ထိရောက်တဲ့အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မတ်လ ၃၀ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။