စစ်အသုံးစရိတ် တိုးမြှင့်ထားကြောင်း စစ်ခေါင်းဆောင် ပြော
2025.03.25

လာမဲ့ ဘဏ္ဍနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထားတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော်မှာ မတ်လ ၂၄ ရက် နေ့လယ်ကပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာပါ။
ဘယ်လောက်အထိ တိုးမြှင့်ထားတယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဒီလို တိုးမြှင့်တာဟာ နိုင်ငံတည်ဆောက်ရေးအတွက်ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်တဲ့နေရာမှာ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ စွမ်းအားမြှင့်တင်ဖို့ ဘတ်ဂျက်သုံးစွဲရတာရှိတယ်လို့ ပြောပါတယ်။
စစ်အသုံးစရိတ်အပြင် ပြည်ထဲရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက်လည်း အသုံးစရိတ်တွေ တိုးမြှင့်ထားတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
မတ်လ ၂၄ ရက် မနက်ပိုင်းကလုပ်တဲ့ အမျိုးသားစီမံကိန်း ကော်မရှင်အစည်းအဝေးမှာတော့ လာမဲ့ ဒီဇင်ဘာလမှာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်လို့ တိုင်းနဲ့ပြည်နယ်တွေမှာ လုံခြုံရေး ဆောင်ရွက်ဖို့ လိုတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
စစ်အသုံးစရိတ်တိုးမြှင့်ရင် တိုင်းနဲ့ပြည်နယ်အနှံ့ စစ်အရှိန်မြှင့်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“စစ်အရှိန်ကို မြှင့်ချင်ရင် စစ်အသုံးစရိတ်ကလည်း မြှင့်ရမှာပဲလေ။သူ့မှာလည်း ဒီလမ်းကလွဲလို့ တခြားလမ်းလည်း မရှိဘူး။ တော်လှန်ရေးသမားတွေဘက်ကလည်း ဆက်ပြီးစုစုစည်းစည်းနဲ့ တိုက်ကြရမယ်“
စစ်ကောင်စီဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ၅၆၀၀ ကျော် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာတော့ သတင်းထုတ်ပြန်တာ မရှိခဲ့ပါဘူး။
အရပ်သားအစိုးရက နောက်ဆုံးသတ်မှတ်ပေးခဲ့တဲ့ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၄၀၀ ကျော်သတ်မှတ်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း စစ်ကောင်စီက ကာကွယ်ရေး အသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်လာတာ ဖြစ်ပါတယ်။