နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖို့ စစ်ခေါင်းဆောင် ထပ်မံပြောဆို

RFA Burmese
2025.02.07
နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖို့ စစ်ခေါင်းဆောင် ထပ်မံပြောဆို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
Myanmar Military Photo

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးကြဖို့ ထပ်မံတိုက်တွန်းကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အခြေခံအဆောက်အဦတွေ ပျက်စီးတဲ့အပြင် လူ့စွမ်းအား အရင်းအမြစ်တွေလည်း ပြုန်းတီးပြီး နိုင်ငံအင်အား လျော့နည်းလာတဲ့အတွက် အခုလို တိုက်တွန်းရတာလို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေကပဲ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မယ်လို့ သူက ပြောပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက်လည်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဟာ နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးထားရတဲ့အတွက် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖို့ တိုက်တွန်းနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုတဲ့စကားကို ဘာကြောင့်ထပ်ထပ်ခါခါ ပြောနေလဲဆိုတော့ စစ်မြေပြင်မှာ သူ့တပ်တွေ အရှုံးကြီး ရှုံးပြီးတော့ နယ်မြေအမြောက်အများလည်း တော်လှန်ရေး အင်အားစုတွေရဲ့ အောက်ကိုရောက်နေတယ်။ သူစိုးမိုးအုပ်ချုပ်နိုင်တဲ့ နယ်မြေက သိပ်မရှိတော့ဘူး။ အဲဒီတော့ စစ်ကိုရပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရအောင်လို့ သူက အရှုံးပွဲထဲကနေ အသံကုန်ဟစ်နေတာ ဖြစ်ပါတယ်။ ဒီအရှုံးကို မကြီးထွားအောင်ပေါ့”

စစ်ကောင်စီက ပြောထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကာကွယ်ရေးတပ်တွေက တိုက်ပွဲရပ်၊ လက်နက်စွန့်၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်ဆိုတဲ့ ဖိတ်ခေါ်မှုလမ်းကြောင်းကိုလည်း တော်လှန်ရေးအင်အားစုတွေက ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကိုဖယ်ရှားပြီး နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့အစည်းပုံ အခြေဥပဒေကို ဖျက်သိမ်းဖို့၊ ပဋိပက္ခအတွင်း ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးဆောင်ရွက်ဖို့ စတဲ့ အချက်တွေ အပါအဝင် အချက် ခြောက်ချက်ကို စစ်ကောင်စီက လက်ခံရင် ဆွေးနွေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။