မတ်လ ၄ ရက်မှာ ရုရှားသမ္မတနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံမည်

RFA Burmese
2025.03.02
မတ်လ ၄ ရက်မှာ ရုရှားသမ္မတနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံမည် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် အရှေ့ဖျားစီးပွားရေးဖိုရမ်အား တက်ရောက်ခဲ့သည့် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Myanmar Military Photo

ရုရှားသမ္မတ ပူတင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတ်လ ၄ ရက်နေ့မှာ လက်ခံတွေ့ဆုံမယ်လို့ ကရင်မလင်ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေဖော်ဝါရီ ၂၈ ရက် သောကြာနေ့က ဖော်ပြထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို သမ္မတ ပူတင်က ရုရှားနိုင်ငံကိုလာဖို့ တရားဝင်ဖိတ်ကြားတာလို့ ဆိုပါတယ်။ တွေ့ဆုံပွဲမှာ ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအပြင် နိုင်ငံတကာရေးရာတွေလည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲအပြီးမှာ အစိုးရချင်း သဘောတူညီချက်တွေ ပူပေါင်းလက်မှတ်ထိုးမယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတ ဗလာတီမာပူတင်၊ ဒူးမားလွှတ်တော် ဥက္ကဋ္ဌနဲ့ တခြားအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးမယ်လို့ စစ်ကောင် စီလက်အောက်ခံ Global News Light of Myanmar သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆိပ်ကမ်းနဲ့ ရေနံချက် စက်ရုံတည်ဆောက်ရေး အပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနဲ့ သဘောတူလက်မှတ်ထိုးလိုက်တဲ့အကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရုရှားအစိုးရဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဦးနေဝင်း လက်ထက်ကစလို စစ်အစိုးရအဆက်ဆက် မိတ်ဖက်ဖြစ်ခဲ့သလို၊ အခုတစ်ခေါက် စစ်အာဏာသိမ်းအပြီးမှာလည်း ပိုပြီးနီးစပ်တဲ့ ဆက်ဆံရေးတွေ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။