ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘန်ကောက်မှာ BIMSTEC ညီလာခံ တက်ရောက်မည်
2025.03.23

ထိုင်းနိုင်ငံမှာ ကျင်းပမဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှာဖြစ်ကြောင်း Thai PBS သတင်းက ဖော်ပြပါတယ်။
ဒီအစည်းအဝေးကို တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘန်ကောက်မြို့ကို ဧပြီလ ၃ ရက်ကနေ ၄ ရက်နေ့အထိ သွားရောက်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်က ပထမဆုံး ဘန်ကောက်ကို လာရောက်တာလို့လည်း သတင်းက ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ပထမဆုံး ကျင်းပတာဖြစ်ပြီး အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်ရေးတွေကို အဓိကထား လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။