စစ်ကောင်စီဥက္ကဋ္ဌ ထိုင်းမှာကျင်းပမဲ့ BIMSTEC ထိပ်သီးအစည်းအဝေးတက်မည်

RFA Burmese
2025.04.02
စစ်ကောင်စီဥက္ကဋ္ဌ ထိုင်းမှာကျင်းပမဲ့ BIMSTEC ထိပ်သီးအစည်းအဝေးတက်မည် စစ်ကောင်စီဥက္ကဋ္ဌ နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ဆုံစဉ်။
cincds

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မဲ့ ခြောက်ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ နိုင်ငံပိုင်ရုပ်သံ MRTV က ဧပြီလ ၂ ရက် ည ၈ နာရီသတင်းမှာ ကြေညာပါတယ်။

ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) အစည်းအဝေးကို ဧပြီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ အဲ့ဒီခရီးစဉ်အတွင်း ငလျင်ဘေးကြုံနေရတဲ့ အခြေအနေ၊  ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ  နိုင်ငံတကာရဲ့ပူးပေါင်းမှုတွေရဖို့ ဆွေးနွေးသွားမယ်လို့ MRTV သတင်းမှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို ပါဝင်ခွင့်ပေးတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ( APHR) က ဧပြီ ၂ရက်မှာပဲ ဝေဖန်လိုက်ပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ရမဲ့အစား စစ်အစိုးရကို စင်မြင့်တစ်ခုပေးတာပဲလို့ APHR အဖွဲ့ဝင် ထိုင်းလွှတ်တော်အမတ် Rangsiman Rome က ပြောပါတယ်။

“မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ကိုယ်ကျိုးစွန့် တွန်းလှန်နေကြဆဲပါ။ BIMSTEC က ဒီပြည်သူတွေကို ထောက်ခံပံ့ပိုးရမယ့်အစား စစ်အစိုးရကို စင်မြင့်တခု ဖန်တီးပေးနေတယ်”

စစ်ကောင်စီကို စားပွဲဝိုင်းမှာ နေရာပေးခြင်းဟာ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကို တရားဝင်စေရုံသာမက BIMSTEC ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်တွေအပေါ် ယုံကြည်ကိုးစားမှုကို ပျက်ပြားစေတယ်လို့ APHR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BIMSTEC အဖွဲ့ဝင်နိုင်ငံတွေထဲ အိန္ဒိယ၊ ထိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နဲ့ မြန်မာနိုင်ငံတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။