ငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် သုံးထောင်ကျော်ရရှိထား
2025.04.14

ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီလို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံပေါင်း ၂၄ နိုင်ငံက ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် လေယာဉ်အခေါက်ရေ ၁၃၃ ကြိမ်ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ပြောဆိုပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦးအပြင် လူသားချင်းစာနာမှုအကူအညီအတွက် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၂၁၀ ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ လက်ခံရရှိထားပြီလို့ ဆိုပါတယ်။
ငလျင်ကြောင့် ထိခိုက်သေဆုံးသူအရေအတွက်လည်း ဆက်လက်မြင့်တက်နေပြီး ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီအထိ သေဆုံးသူ ၃၇၀၆ ဦးရှိကာ ဒဏ်ရာရသူ ၅၀၂၇ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၀ ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဒီအကူအညီတွေဟာ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေရသူတွေ လက်ထဲ ထိထိရောက်ရောက် မရောက်လာသေးဘူးလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ၇ အဆင့်ရှိတဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။
လက်ရှိအချိန်အထိ အဆောက်အအုံပျက်တွေကြားက သေဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖော်ထုတ်နေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။