စစ်ကောင်စီကို BIMSTEC ညီလာခံ ဖိတ်ခေါ်မှု APHR ကန့်ကွက်ရှုတ်ချ
2025.04.02
ဧပြီ ၃ ရက် နဲ့ ၄ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီကို ဖိတ်ကြားဖို့ BIMSTEC ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ဧပြီလ ၂ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့ ၆ ကြိမ်မြောက်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံအနေနဲ့ ခိုင်မာတဲ့ရပ်တည်ချက် နဲ့ စစ်အစိုးရ ပူးပေါင်းပါဝင်မှုကို ငြင်းပယ်ရမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို စားပွဲဝိုင်းမှာ နေရာပေးခြင်းဟာ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကို တရားဝင်စေရုံသာမက BIMSTEC ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်တွေအပေါ် ယုံကြည်ကိုးစားမှုကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းပြီးကထဲက မြန်မာစစ်တပ်ဟာ အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ အတိုက်အခံ ခေါင်းဆောင်တွေ နဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးခြင်း နဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ဖျက်သိမ်းခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
မကြာသေးမီက ပြင်းထန်ငလျင်ဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းအပါအဝင် ငလျင်ဘေးသင့် ဒေသတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုပြီး ကြီးထွားစေခဲ့ပါတယ်။
“မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေ နဲ့ တရားဥပဒေစိုးမိုးရေးကို လုံးဝဂရုမစိုက်ကြောင်း ပြသနေပါတယ်။ မြန်မာစစ်အစိုးရ နဲ့ ထိတွေ့ဆက်ဆံခြင်းဖြင့် BIMSTEC ဟာ သံတမန်အရေး မြှင့်တင်နေတာမဟုတ်ဘဲ ဖိနှိပ်မှုကို ထောက်ခံနေတာဖြစ်တယ်” လို့ APHR ဥက္ကဌ နဲ့ အင်ဒိုနီးရှားအောက်လွှတ်တော်အမတ် Mercy Chriesty Barends က ပြောပါတယ်။
“မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ကိုယ်ကျိုးစွန့် တွန်းလှန်နေကြဆဲပါ။ BIMSTEC က ဒီပြည်သူတွေကို ထောက်ခံပံ့ပိုးရမယ့်အစား စစ်အစိုးရကို စင်မြင့်တခု ဖန်တီးပေးနေတယ်” လို့ APHR အဖွဲ့ဝင် ထိုင်းလွှတ်တော်အမတ် Rangsiman Rome ကလည်း ပြောပါတယ်။
အိမ်ရှင်အဖြစ်ကျင်းပမယ့် ထိုင်းနိုင်ငံအနေနဲ့ သမာဓိရှိစွာ နဲ့ စစ်အစိုးရရဲ့ ပူးပေါင်းပါဝင်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ တာဝန်ရှိပါတယ်လို့ ဆိုပါတယ်။
“BIMSTEC ဟာ အာဏာရှင်စနစ်ကို မျက်ကွယ်မပြုသင့်ပါဘူး” လို့ APHR ဘုတ်အဖွဲ့ဝင် တီမောလက်စ်တေး အမတ် Angelina Sarmento က ပြောပါတယ်။
APHR ဟာ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် ထိုင်း နဲ့ အိန္ဒိယနိုင်ငံကို မြန်မာစစ်အစိုးရ ပါဝင်မှုကို ငြင်းပယ်ပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ထောက်ခံတဲ့ ပြတ်ပြတ်သားသားအရေးယူတာတွေ လုပ်ဖို့လည်း တောင်းဆိုထားပါတယ်။ ဒေသတွင်း ယုံကြည်ရလောက်တဲ့ အဖွဲ့တစ်ခုဖြစ်ဖို့အတွက် BIMSTEC အနေနဲ့ တရားမျှတမှုအတွက် ရပ်တည်ကြောင်း သက်သေပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
APHR ဘုတ်အဖွဲ့ဝင် နဲ့ ဖိလစ်ပိုင် အောက်လွှတ်တော်အမတ် Arlene Brosas ကလည်း “လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီရေးအတွက် ခိုင်မာတဲ့ ကတိကဝတ်တွေ မတောင်းဆိုဘဲ မြန်မာစစ်အစိုးရ နဲ့ ထိတွေ့ဆက်ဆံတာဟာ မြန်မာပြည်သူတွေကို သစ္စာဖောက်ရာရောက်သလို BIMSTEC ရဲ့ ဂုဏ်သိက္ခာကို စွန်းထင်း ထိခိုက်စေတယ် “လို့ ပြောပါတယ်။