စစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းမှုတွေကို ချက်ချင်းအရေးယူဖို့ ကုလ၊ အာဆီယံ နဲ့ နိုင်ငံတကာကို NUG တောင်းဆို
2025.04.28
မြန်မာနိုင်ငံမှာ အတင်းအကြပ်စစ်မှုထမ်းစေခိုင်းနေခြင်းတွေဟာ အဓမ္မလုပ်အား ခိုင်းစေခြင်းနဲ့ လူကုန်ကူးမှု ကျူးလွန်ရာရောက်သလို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း၊ ဒီလုပ်ရပ်တွေ အမြန်ဆုံးရပ်တန့်ရေးအတွက် စစ်ကောင်စီကို ထိရောက်တဲ့ ပိတ်ဆို့မှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် အဓမ္မစစ်မှုထမ်းခိုင်းတာတွေကို သုတေသနပြုစုခဲ့ပြီး မတ်လ ၂၈ ရက်နေ့က “အဓမ္မစစ်မှုထမ်းစေခြင်း- မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်းရဲ့ လက်တွေ့အခြေအနေများ” ဆိုတဲ့ အစီရင်ခံစာ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒီအစီရင်ခံစာမှာ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု နည်းနာတွေကို တင်ပြထားပါတယ်။ ဒီလူငယ်တွေဟာ နေအိမ်တွေ၊ လုပ်ငန်းခွင် နဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာတွေ၊ မိသားစုကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်တဲ့နည်းနဲ့ စစ်သားစုဆောင်းတာတွေကို ဖော်ပြထားပါတယ်။
ဒီလူငယ်တွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ နဲ့ စစ်မှုထမ်းဖို့ မသင့်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း မသန်စွမ်းသူတွေ ပါဝင်နေတဲ့အပြင်၊ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ အမည်စာရင်း နဲ့ မိသားစုဝင်တွေထံ ငွေညှစ်တောင်းခံတာတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ၊ အာဆီယံ နဲ့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှု နဲ့ လေယာဉ်ဆီ အပါအဝင်၊ လက်နက်တင်ပို့ ရောင်းချမှုတွေ ပိတ်ပင်ခြင်းလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာသူတွေကို လူသားချင်းစာနာတဲ့ မူဝါဒကိုအခြေခံပြီး စောင့်ရှောက်ပေးကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။