ငလျင်ဘေးကာလ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေ
2025.04.01

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်းအားပြင်းငလျင်ကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးပြီး ရာနဲ့ချီတဲ့ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာ၊ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေဆဲပဲလို့ ဒေသခံတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
"သဘာဝဘေးကြောင့် အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကို လူလုပ်တဲ့ဘေးနဲ့ ထပ်ပြီးဖိနှိပ်တာ"
ငလျင်စတင်ကြုံခဲ့ရတဲ့ မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ရှိခဲ့တယ်လို့ လေ့လာစောင့်ကြည့်ပြီး မှတ်တမ်းတင်နေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အကြံပေး ကိုမိုးထက်နေက RFA ကိုပြောပါတယ်။
“ငလျင်ဒဏ်ကြုံခဲ့ရတဲ့ မတ်လ ၂၈ ရက်ကနေ မနေ့ကအထိ သုံးရက်အတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်လုပ်ခဲ့တာတွေ့ရပါတယ်။ ဒီနေ့မှာလည်း မကွေးလိုနေရာဘက်တွေမှာ လေကြောင်း တိုက်ခိုက်မှု ထပ်လုပ်သွားတာတွေ့ရတယ်။ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကတော့ နောင်ချိုမြို့နယ်မှာ သုံးကြိမ်၊ ဗန်းမော် မြို့နယ်မှာ နှစ်ကြိမ်၊ ဖြူးမြို့နယ်မှာ တစ်ကြိမ်၊ ဒီးမော့ဆိုမြို့နယ်မှာ တစ်ကြိမ်၊ ပေါက်မြို့နယ်မှာ တစ်ကြိမ်၊ စုစုပေါင်း ရှစ်ကြိမ်ဖြစ်ပါတယ်”
ဒါက ဉာဏ်လင်းသစ်သုတေသနအဖွဲ့က လတ်တလောရရှိထားတဲ့ အချက်အလက်တွေလို့ဆိုပါတယ်။ ဒီလုပ်ရပ်တွေဟာ သဘာဝဘေးကြောင့် အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကို လူလုပ်တဲ့ဘေးနဲ့ ထပ်ပြီးဖိနှိပ်တာလို့ မြင်ကြောင်း ကိုမိုးထက်နေကပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ကျောက်ဖြူမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး နောက်ထပ် လူခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြောက်ဦးမြို့အနီးကို မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။
“ဗုံးကြဲတာက အမှတ် (၃၁) ရဲတပ်ရင်းဘက်မှာပါ။ လေယာဉ်နဲ့ ရုတ်တရက်လာကြဲတာဖြစ်လို့ ဒေသခံတွေကတော့ စိုးရိမ်ကြတာပေါ့။ မနေ့ညကဆို နောက်ထပ်ဗုံးလာကြဲမှာစိုးလို့ လူတွေကောင်းကောင်း မအိပ်နိုင်ခဲ့ကြရဘူး”
သေဆုံးသူကတော့ အလယ်စျေးရပ်ကွက်က အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံဖြစ်ပြီး ဗုံးစထိမှန်သေဆုံးသွားတာလို့ဆိုပါတယ်။
အလားတူ မတ်လ ၃၁ ရက် မနက်ပိုင်းက ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေကျေးရွာကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ သုံးချက်ပစ်ခတ်ခဲ့တာကြောင့် သက်တော် ၃၂ နှစ်အရွယ် ဦးဇင်းတစ်ပါး ပျံလွန်သွားပြီး နောက်ထပ် ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ကိုရင်တစ်ပါးအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်နက်ကြီးဟာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ တစ်လုံးနဲ့ လူနေရပ်ကွက်ထဲကို ကျရောက်ခဲ့တာလို့ဆိုပါတယ်။
ကယားပြည်နယ် (ကရင်နီ) မှာဆိုရင် ဗုံးကြဲခံရမှုတွေက နေ့တိုင်းလိုလိုရှိနေတယ်လို့ ကရင်နီအစိုးရ ဒုကာကွယ် ရေးဝန်ကြီး ခူးဒယ်နီယာက RFA ကိုပြောပါတယ်။
“ငလျင်လှုပ်တဲ့နေ့ရော နောက်ရက်တွေပါကြဲနေတာပဲ။ မနေ့ကအထိ နေ့တိုင်းလိုလို လေယာဉ်နဲ့ လာကြဲနေတာ။ ဟိုတစ်နေ့ မတ်လ ၂၉ ရက်ကဆိုရင် ဘော်လခဲဘက်မှာ လေးခါလောက် ဗုံးလာကြဲသွားတယ်”
ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ သူကပြောဆိုတာမရှိပါဘူး။
မတ်လ ၂၈ ရက် နေ့လယ်က အင်အားပြင်း ငလျင်လှုပ်ခတ်နေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်လင်ကျေးရွာ လေကြောင်း နဲ့ ဗုံးကြဲခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ DPLF ဥက္ကဋ္ဌ ဦးထွန်းနိုင်က RFA ကိုပြောပါတယ်။
“အဲဒီနေ့က အချိန် ၁၀ မိနစ်အတွင်းမှာ နေရာငါးခုကို ဗုံး ကိုးလုံးချသွားတာ။ ပေါင် ၅၀၀၊ ပေါင် ၂၀၀၊ ပေါင်း ၁၅၀ ပါတယ်။ လေယာဉ်က ပထမ လာပတ်ကြည့်တယ်။ အဲဒီမှာ ကတုတ်ကျင်းထဲ လူစုနေတုန်း ကတုတ်ကျင်းပေါ် ဗုံးချသွားတာ။ စစ်မေ ငါးဦးဆိုရင် ကတုတ်ကျင်းတစ်ခုတည်းမှာပဲ ဆုံးသွားတာ။ အဲဒီရွာက နောက်ကတုတ်ကျင်းတစ်ခုမှာလည်း ရဲဘော်နှစ်ယောက် ပွဲချင်းပြီးတယ်”
လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့မနက်က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
"ဒုက္ခရောက်တဲ့လူထုဆီကိုပဲ ပစ်မှတ်ထားပြီးတော့ ဗုံးလိုက်ကြဲနေတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ အဲဒါတွေက သူတို့ကိုယ်သူတို့ သိနေရမဲ့ကိစ္စပါ။"
လက်ရှိ မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ပြည်သူတွေ ဒုက္ခအကြီးအကျယ်ကြုံနေရချိန် စစ်ကောင်စီက အခုလို ဗုံးကြဲနေတာတွေဟာ မဖြစ်သင့်တဲ့လုပ်ရပ်တွေလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရသူ ပဒိုစောတောနီး က RFA ကိုပြောပါတယ်။
“ဒါကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စပဲလေ။ တစ်ဖက်ကနေ နိုင်ငံတကာအကူအညီရရှိရေးအတွက်၊ ပြည်တွင်းမှာလည်း အကူအညီရရှိရေးအတွက် ဖိတ်ခေါ်ထားပေမဲ့ အခု မီးစတစ်ဖက်ရေမှုတ်တစ်ဖက်နဲ့ ဒုက္ခရောက်တဲ့လူထုဆီကိုပဲ ပစ်မှတ်ထားပြီးတော့ ဗုံးလိုက်ကြဲနေတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ အဲဒါတွေက သူတို့ကိုယ်သူတို့ သိနေရမဲ့ကိစ္စပါ။ အခုတော့ တော်တော်စိတ်ပျက်စရာကောင်းတယ်ဗျ”
စစ်ကောင်စီရဲ့ မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရရှိသူ ၃၉၀၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၇၀ ဦးရှိနေပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်နေရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဟာ လူတွေရဲ့ အသက်ကိုကယ်ဖို့အတွက် အာရုံစိုက်လုပ်ဆောင်ရမဲ့ကာလဖြစ်လို့ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် (Vivian Balakrishnan) က မတ်လ ၃၀ ရက် ဒီနေ့မှာ ပြောဆိုထားပါတယ်။