ရုရှား-မြန်မာဆက်ဆံရေး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း APHR ပြော

RFA Burmese
2025.03.06
ရုရှား-မြန်မာဆက်ဆံရေး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း APHR ပြော ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ဆုံနေစဉ်။
AFP

ရုရှား-မြန်မာ မဟာမိတ် ဆက်ဆံရေးဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အားကောင်းစေရုံသာမက ဒေသတွင်းလုံခြုံရေးကိုလည်း ခြိမ်းခြောက်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရုရှား-မြန်မာဆက်ဆံရေး ခိုင်မာမှုအပေါ်မှာလည်း APHR အနေနဲ့ စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ်ဟာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ဖို့ ရည်ရွယ်ချက်ကို ပေါ်ပေါ်ထင်ထင်ပြသနေပြီး ဒါဟာ စစ်ကောင်စီကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကို ပျက်ပြားစေတယ်လို့ ဖော်ပြပါတယ်။

ရုရှား-မြန်မာ ဆက်ဆံရေး တိုးမြှင့်တာဟာ စစ်ကောင်စီထံ စစ်ဘက်ဆိုင်ရာ နည်းပညာနဲ့ ရုရှားစစ်လက်နက်တွေ ဆက်လက်ပေးပို့တာနဲ့ ဆက်နွယ်နေတယ်လို့ APHR ရဲ့ ဥက္ကဋ္ဌ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် Mercy Chriesty Barends က ပြောပါတယ်။

ဒါတွေကို စစ်ကောင်စီက စစ်ဆင်ရေးတွေမှာ အသုံးပြုနေပြီး ရလဒ်အနေနဲ့ အာဏာသိမ်းပြီးကတည်းက အရပ်သားထိခိုက်သေဆုံးမှုနဲ့ မတရားဖမ်းဆီးခံရမှုတွေ သိသာကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။

APHR အနေနဲ့ စစ်ကောင်စီကို စစ်လက်နက်ရောင်းချမှုနဲ့ ထောက်ပံ့ကူညီမှု ချက်ချင်းရပ်တန့်ဖို့ ထပ်မံတောင်းဆိုတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အခုလို လက်နက်ရောင်းဝယ်မှုတွေကို တားဆီးဖို့နဲ့ စစ်ကောင်စီရဲ့ တရားဝင်အစိုးရဖြစ်မှုကို အခိုင်အမာငြင်းပယ်ဖို့ အာဆီယံနဲ့ အာဆီယံရဲ့ ဆွေးနွေးဘက်နိုင်ငံတွေကို တိုက်တွန်းတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို အဆင့်မြင့်စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာက မြန်မာပြည်ပဋိပက္ခကို ပိုပြင်းထန်စေတာကြောင့် မြန်မာစစ်အစိုးရကိုသာမက ပြည်ပက ပံ့ပိုးကူညီသူတွေကိုပါ စီးပွားရေးနဲ့ သံတမန်ရေးအရ ဖိအားပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ ဒီမိုကရက်တစ်နိုင်ငံအားလုံးကို APHR က ဆက်လက်တောင်းဆိုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။