စလင်းမြို့နယ် ကျပင်း(မြောက်)ရွာက ဒေသခံလေးဦး သတ်ဖြတ်ခံရ
2025.03.24

မကွေးတိုင်း၊ စလင်းမြို့နယ် ကျပင်း(မြောက်)ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သားလေးဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စလင်းမြို့နယ် မြောက်ဘက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်က မတ် ၇ ရက်နေ့က စီးနင်းခဲ့တဲ့နောက် ကျပင်း(မြောက်)ရွာ အပါအဝင် ရွာ ၂၅ ရွာက ဒေသခံ ၁၇,၀၀၀ ဝန်းကျင် ထွက်ပြေးခဲ့ရပါတယ်။
စစ်ကြောင်းထိုးစဥ် ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အရပ်သား ခုနစ်ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက သုံးဦး ပြန်လွတ်လာပေမဲ့ လေးဦးကတော့ သတ်ဖြတ်ခံခဲ့ရတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အလောင်းတွေကို အထက ကျပင်း စာသင်ကျောင်းထဲက အိမ်သာကျင်းအဟောင်းထဲ ပစ်ထည့်ထားခဲ့တာပါ။ ကိုင်မရတဲ့အခြေအနေမို့ သုဿန်ကိုမရွှေ့နိုင်ဘဲ သဲနဲ့ ဖို့လိုက်ရပါတယ်”
စစ်ကောင်စီတပ်က တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ မပြန်ရဲကြဘဲ မတ် ၂၂ ရက်နေ့ ပြန်လာတဲ့အချိန် အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် ကုက္ကိုတန်းရွာနဲ့ နေပူခံရွာတွေလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံလိုက်ရပြီး နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့သလို အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ် ၂၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၄၃၅ ဦး သေဆုံးခဲ့ပါတယ်။