စစ်ကောင်စီ အဆင့်မြင့်ဒရုန်းတွေသုံးပြီး စစ်ရေးတိုးချဲ့လာ
2025.03.19

အခုနောက်ပိုင်း စစ်ကောင်စီက အဆင့်မြင့်ဒရုန်းတွေသုံးပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေနဲ့ စစ်ရေးတိုးချဲ့လာပါတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိလာသလို စခန်းတချို့ လက်လွှတ်ရတာတွေလည်းရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ဆင်ငယ်ရွာက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေနဲ့ဗုံးကြဲပြီး မြေပြင်ကလည်း ထိုးစစ်ဆင်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီက ဒရုန်းတွေ ပေါပေါသီသီ သုံးနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာလည်း အခက်အခဲတော့ ရှိပါတယ်"
ကယား၊ ကချင်၊ စစ်ကိုင်းနဲ့၊ မကွေးက ဒေသကာကွယ်ရေးတပ်တွေရဲ့ နယ်မြေတွေနဲ့ TNLA တပ်တွေ သိမ်းထားတဲ့ နောင်ချိုတောင်ခမ်းမှာလည်း စစ်ကောင်စီက အဆင့်မြင့်ဒရုန်းတွေသုံးပြီး တိုက်ခိုက်လာနေတာကြောင့် စခန်းတချို့ လက်လွှတ်ခဲ့ရပါတယ်။
မတ် ၆ ရက်နေ့ကလည်း ဖားကန့်မြို့ ရှဒူးဇွပ်ရွာနားမှာရှိတဲ့ KIA တပ်စခန်းတစ်ခုကို လေယာဉ်နဲ့ရော ဒရုန်းတွေနဲ့ပါတိုက်ပြီး မြေပြင်စစ်ကြောင်းထိုးလာပြီး သိမ်းယူခဲ့တာကြောင့် KIA တပ်သားတစ်ဦး သေဆုံးပြီး လက်နက်တစ်ချို့လည်း ဆုံးရှုံးတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
တိုက်ပွဲအတွင်း နည်းပညာမြင့်ဒရုန်းတွေ စစ်ကောင်စီတပ် အသုံးပြုလာ
တရုတ်ဒရုန်းတွေကို စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ
စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ သုံးလာကြောင်း စစ်ခေါင်းဆောင်ပြော
စစ်ကောင်စီတပ်တွေက အခုနောက်ပိုင်း နည်းပညာမြင့်ဒရုန်းတွေ၊ jammer တွေ အသုံးပြုလာတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ရှေ့တန်းသမားတွေ ပြောတာကတော့ ထပ်တိုးတဲ့လက်နက်ကတော့ ဒရုန်းပေါ့။ အဲဒီဒရုန်းကတော့တကယ် ကျွန်တော်တို့ ဘက်ကနေ သုံးလာတာတဲ့ jammer (ရေဒီယိုလှိုင်းဖြတ်စက်) တွေနဲ့လည်း ဖမ်းလို့မရဘူးပေါ့ အဲလိုမျိုးတွေ နောက်သူတို့ သုံးတဲ့ Jammer တွေ အင်မတန်မှအင်အားကြီးတဲ့ jammer တွေ ဒါက ကျွန်တော်တို့ရဲ့ ဒရုန်းတွေကို ကောင်းကောင်းဖမ်းနိုင်တာပေါ့။ နောက် သူတို့ ဒရုန်းတွေကတော့ ကျွန်တော်တို့ရဲ့ Jammer တွေနဲ့ ဖမ်းလို့မရဘူး”
ဒါကြောင့် ၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ဗန်းမော်တိုက်ပွဲကို အပြီးသိမ်းနိုင်ဖို့ ခက်ခဲနေတယ်လို့ တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်၊ ရေစကြို စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မုံရွာမြို့နယ်တွေက ရွာတွေမှာလည်း မတ်လ လဆန်းပိုင်းကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အခါ စက်တပ်လေထီးတွေနဲ့ ဒရုန်းတွေသုံးတာ ပိုများလာတယ်လို့ ရေစကြို ဒေသခံတစ်ဦးက ပြောပါတယ်။
“၂၀၂၄ ထက် ၂၀၂၅ ဘက်မှာ ပိုများလာတယ်။ အခုနောက်သုံးလာတာက မြေပြင်စစ်ကြောင်းတောင်မှ တော်တော်များများ အင်အားကြီးကြီးတွေ သုံးလာတယ်။ စက်တပ်လေထီးတွေ သုံးလာတယ်။ ဒရုန်းဝဲတာတွေရော အဲလိုသုံးလာတယ်။ အောက်မြေပြင်မှာလည်း ကျွန်တော်တို့ရွာဘက်ကို ရေစကြိုဘက် လက်နက်ကြီးထုတာတွေ တော်တော်များများ လုပ်လာတယ်”
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာမှာရှိတဲ့ တောင်ခမ်းကျေးရွာဘက်က တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ တောင်ရှည်ရွာနဲ့ နားရှိုရွာက တပ်စခန်းကုန်းတချို့ကို ဖေဖော်ဝါရီလမှာပဲ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
စစ်ကောင်စီက ဒီထက်ပိုပြီး နည်းပညာမြင့် လက်နက်တွေ သုံးလာရင် တိုက်ပွဲတွေနိုင်ဖို့အတွက် အချိန်ပိုကြာနိုင်တယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
“တကယ်လို့ စစ်ကောင်စီဘက်ကလည်း အဆင့်မြင့်ဒရုန်းတွေနဲ့ ပိုပြီးတိုက်လာတယ် သူတို့ရဲ့ နည်းပညာက ပိုပြီးတော့မှ မြင့်လာတယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ တပ်စခန်းကိုသိမ်းတဲ့ နေရာမှာပဲပြောပြော၊ စစ်ကောင်စီကို ထိုးစစ်ဆင်တဲ့ နေရာမှာပြောပြော အချိန်ကြန့်ကြာမှုက ပိုပြီးကြာနိုင်ပါတယ်။ တဖက်မှာလည်း ထိခိုက်ကျဆုံးမှုက နှစ်ဖက်မှာရှိပါတယ်”
TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်း ဖေဖော်ဝါရီ တစ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရှိခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကရင်နီဒေသမှာလည်း စစ်ကောင်စီကဘက် နည်းပညာမြင့်ဒရုန်းတွေသုံးပြီး တိုက်လာတဲ့အတွက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
“စစ်ကောင်စီက ဒရုန်းတွေ ပေါပေါသီသီ သုံးနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာလည်း အခက်အခဲတော့ ရှိပါတယ်။ နောက် အထိအခိုက်ထိခိုက်ကျဆုံးမှုကလည်း တော်တော်များတာကိုလည်း ကျွန်တော်တို့ တွေ့လာရတာရှိတာပေါ့နော်။ အဲတော့ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ဒီကရင်နီမှာပေါ့ ဒီနှစ်ထဲမှာ တိုက်ပွဲကတော့ သူတစ်ပြန် ကိုယ်တစ်ပြန်ဆိုတဲ့ ပုံစံမျိုးနဲ့ စစ်ရေးအရကြည့်မယ်ဆိုရင် တော်တော်များများမှာ တိုက်ပွဲတွေပြင်းထန်နိုင်တယ်။ စစ်ကောင်စီကနေပြီးတော့ ကျွန်တော်တို့နေရာ တော်တော်များများကို ဗုံးကြဲတိုက်ခိုက်ဖို့ လုပ်နိုင်တယ် လုပ်လည်းလုပ်နေတာပေါ့နော်။ အဲဒါတော့ ပိုများလာဖို့ရှိတယ်”
နေပြည်တော်နဲ့ မိုင်တစ်ရာကျော်ပဲဝေးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ကြိုးစားနေတာ နှစ်လကျော်ပြီဖြစ်ပါတယ်။
စစ်ကောင်စီက လူအင်အား လက်နက်အင်အားတွေ ပိုပြီးသုံးလာပေမဲ့ တော်လှန်ရေးအရှိန်အဟုန် လျော့သွားမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“စစ်ကောင်စီက လူအင်အားကို အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရတဲ့ လူငယ်တွေကို လူသားဒိုင်းအနေနဲ့ သုံးလာတော့ တချို့နေရာတွေမှာ ပိုသုံးလာတာတွေ တွေ့ရတယ်။ သူတို့ ဒရုန်းအသုံးပြုတာတွေ ပိုများလာတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အရှိန်အဟုန်ကို သူတို့ ရပ်လို့မရဘူး။ တချို့နေရာတွေက တိုက်ပွဲတွေမှာ ပိုပြီးကြန့်ကြာသွားတာရှိကောင်းရှိမယ် ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲအရှိန်အဟုန်က မလျော့သွားဘူး”
စစ်ကောင်စီက အဆင့်မြင့် လက်နက်တွေ ပိုသုံးလာတဲ့အတွက် တော်လှန်ရေးမှာ အလှည့်အပြောင်း ဖြစ်နိုင်စရာမရှိဘူးလို့ (CDM) ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
“ဒရုန်းဆိုတာက အောက်က Jammer သာ မရှိဘူးဆိုရင် အမြောက်ထက်တိကျတယ်။ အပေါ်ကနေ တောက်လျှောက်ပစ်တာပေါ့နော်။ ပြီးရင် သူတို့ရဲ့ လူသားအရင်းအမြစ်ကလည်း စစ်သားထိခိုက်မှုလည်း နည်းတယ် အဲတော့ ကျွန်တော်တို့က စစ်ရေးချိန်ခွင်လျှာပေါ့နော်။ နည်းနည်းအပြောင်းအလဲဖြစ်လာတဲ့ အနေအထားပေါ့။ တော်လှန်ရေးတွက်တော့ အလှည့်အပြောင်းတော့ ဖြစ်လာနိုင်စရာမရှိဘူး”
အခုအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၁၇၀၀ ကျော် (၁၇၆၉ ဦး) သေဆုံးခဲ့ပြီး ၃၇၀၀ ကျော် (၃၇၂၀ ဦး) ဒဏ်ရာရခဲ့ပါတယ်။