ကျောက်ကြီးနဲ့ မုန်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြောင့် တစ်ဦးသေ၊ လေးဦးဒဏ်ရာရ
2024.11.15

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့က ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်ကုန်းရွာကို ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄) ကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် မချစ်ဖူးဝေနဲ့ ခြောက်လအရွယ် မောင်လပြည့်ထွန်းတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မုန်းမြို့နယ် မျက်နီကွင်းရွာကို ခမရ (၄၃၉) တပ်ရင်းကနေ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၆၀ အရွယ် နော်ကြည်ဘော ဒဏ်ရာရခဲ့ပြီး အသက် ၂၀ အရွယ် နော်မူစေးဖိုး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့ဟာ ထွနီကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် နော်ဝါးဝါး ဒဏ်ရာရခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ကြီးဒေသခံတစ်ဦးကတော့ တောတောင်တွေထဲမှာပဲ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ RFA ကို ပြောပါတယ်။
"အိမ်မပြန်ဖြစ်တာ တစ်နှစ်ကျော်ရှိလာပြီ။ ပိန်းဇလုပ်က ခဏခဏ ပစ်နေတော့ မနေရဲတော့တာ။ တိုက်ပွဲကလည်း ရွာအနီးမှာ ခဏခဏ ဖြစ်နေတော့ မနေရဲတော့ဘူး။ တောထဲမှာပဲ နေနေတာ။ တောထဲမှာနေတော့ လှူတဲ့သူတွေက မလာနိုင်တော့ စားဝတ်နေရေး ဒုက္ခပိုရောက်တယ်"
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားခြောက်ထောင်နီးပါး (၅,၉၄၅) သေဆုံးခဲ့ပါတယ်။