စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံး

RFA Burmese
2025.03.06
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုရွာရှိ စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။
Citizen Photo

 ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး သေဆုံးပြီး နောက်ထပ် ၆၈ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီးကြောင့် ၁၁ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် နှစ်ဦး၊ ထောင်တွင်း ဆေးကုသခွင့်မရလို့ တစ်ဦး၊ မြေမြှုပ်မိုင်းကြောင့် ခုနစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒီအထဲမှာ ၁၃ ဦးက ၁၈ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်က ကိုးဦးစီနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေကို တိုးလုပ်ခဲ့တယ်လို့ BWU က ပြောပါတယ်။

ဒီအချက်အလက်တွေကို တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေက ဖော်ပြချက်တွေနဲ့ BWU က ကောက်ယူထားတဲ့ အချက်အလက်တွေကို စုစည်းထားတာဖြစ်ပြီး အချက်လက် လက်လှမ်းမမီတာတွေလည်း ရှိတာကြောင့် လက်တွေ့မှာ ဒီထက်များနိုင်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးတယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၅ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၃၈၀ ဦးအထိ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။