အာဏာသိမ်းလေးနှစ်ကျော်အတွင်း အမျိုးသမီး ခြောက်ထောင်နီးပါး စစ်ကောင်စီ ဖမ်းဆီး

2025.03.08
အာဏာသိမ်းလေးနှစ်ကျော်အတွင်း အမျိုးသမီး ခြောက်ထောင်နီးပါး စစ်ကောင်စီ ဖမ်းဆီး ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့မြင်ရသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မျက်နှာစာ မြင်ကွင်း။
RFA

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အရွယ်ရောက်ပြီး အမျိုးသမီး ခြောက်ထောင်နီးပါး (၅,၉၅၂ ဦး) ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။

အဲဒီထဲက ၂,၃၂၉ ဦး ပြစ်ဒဏ်ချမှတ်ခံထားရပြီး သေဒဏ် ၁၆ ဦးနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၅၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းလေးနှစ်ကျော်အတွင်း အမျိုးသမီး နှစ်ထောင်နီးပါး (၁,၉၆၅ ဦး) ကျဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

NUG အနေနဲ့ လိင်ပိုင်းဆိုင်ရာထိပါး‌နှောင့်ယှက်၊ အမြတ်ထုတ်တာနဲ့ မဖွယ်မရာပြုမူတာတွေကို အကာအကွယ်ပေးရေးမူဝါဒ (PSHEA)၊ ကျား-မ တန်းတူရေးမူဝါဒ (Gender Equality Policy) တွေကိုအတည်ပြုထုတ်ပြန်ထားပြီး စတင်အကောင်အထည်ဖော် ကျင့်သုံးနေပြီလို့လည်း ရေးသားထားပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ကာကွယ်ဖို့၊ တန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေ စွမ်းဆောင်ရည်မြှင့်တင်တာတွေအတွက် ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးကြဖို့လည်း NUG က တိုက်တွန်းထားပါတယ်။

၁၉၀၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ အထည်ချုပ်စက်ရုံက အမျိုးသမီးတွေဟာ မဲပေးခွင့်ရဖို့၊ အလုပ်ချိန်လျှော့ချပေးဖို့နဲ့ လစာတိုးပေးဖို့တွေအတွက် ဆန္ဒပြတောင်းဆို ချီတက်ခဲ့ကြတဲ့ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက မြို့နယ်တချို့မှာလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေကို ရပ်တန့်ဖို့လည်း ပြည်တွင်း၊ ပြည်ပအမျိုးသမီးအဖွဲ့အစည်းအသီးသီးက တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။