လွိုင်ကော်ထောင်မှာ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတချို့ ဆက်ဖမ်းဆီးခံထားရ
2025.03.10
ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်က လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား လေးဦးကို ပြန်လွှတ်မပေးဘဲ စစ်ကောင်စီ အာဏာပိုင်တွေက နောက်ထပ် ပုဒ်မတပ်ပြီး ဆက်လက်ဖမ်းဆီးထားတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တာဝန်ရှိသူတစ်ဦးက မတ်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား သုံးဦးနဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦးတို့ဟာ ၂၀၂၃ ခုနှစ်အတွင်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးထောင်ချခံထားရသူတွေဖြစ်ပြီး အခုလွတ်ရက်စေ့ချိန်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ဆက်လက်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက လွတ်ရက်စေ့ခဲ့ပေမဲ့ အခုမတ်လဆန်းမှာ ထောင်ပြန်ခေါ်ထုတ်လာချိန် ရဲစခန်းမှာ အမှုဖွင့်ပြီးနောက် လွှတ်မပေးဘဲ ဆက်လက်ဖမ်းဆီးထားတာလို့ KPPA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အမျိုးသမီးတစ်ဦးပါတယ်ရှင့်။ သူတို့ ပြန်လွတ်လာပြီး မြို့မရဲစခန်းအရောက်မှာ အမှုတပ်ပြီး ထပ်မံဖမ်းဆီးခံရ တာဖြစ်ပါတယ်”
ဖမ်းဆီးခံရသူတွေရဲ့ အချက်အလက် အသေးစိတ်ကိုတော့ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်မပြောလို ကြောင်း သူက ဆိုပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ပြောခွင့်ရသူကလည်း လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာမျိုးမလုပ်ဘဲ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။
လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းကာလ ကယားပြည်နယ်မှာ မတရားဖမ်းဆီးခံရသူ ၁၄၇ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) ရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။