ကလေးမြို့မှာ နှစ်ပတ်အတွင်း လူငယ် လေးဆယ်ခန့် ဖမ်းဆီးခံရ
2025.03.18
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မတ်လ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နှစ်ပတ်ကျော်အတွင်း လူငယ် လေးဆယ်ခန့်ကို ဖမ်းဆီးပြီး အများစုကို ကလေးမြို့အခြေစိုက် အမှတ် (၁၀) တပ်မတော် တန်းမြင့်သင်တန်းကျောင်းကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့ ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်မင်္ဂလာ၊ သဇင်၊ တာဟန်း၊ ချမ်းမြေ့အောင်စည် စတဲ့ရပ်ကွက်တွေမှာ လမ်းသွယ်၊ လမ်းကြားတွေထဲအထိ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၁၃ ရက်နေ့လောက်ကလည်း ခြင်းခတ်နေတဲ့ လူငယ်တွေ ဆယ်ယောက်ကျော် ဖမ်းသွားတာ။ သူတို့က အသက်လည်း မပြည့်သေးဘူးဆိုတော့ မိသားစုက လိုက်တာ၊ စုပေါင်းရုံးမှာ ခေါ်ထားတယ်တဲ့။ ဒီရက်ပိုင်း အဖမ်းအဆီး စိပ်လာတယ်၊ အိမ်တွေပေါ် တက်ဆွဲတာတွေလည်း ရှိတယ်”
ရပ်ကွက်တွေထဲအထိ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးတာရှိသလို လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး အကြောင်းပြချက် မခိုင်လုံတဲ့ စွပ်စွဲချက်တွေနဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၆) ကနေ (၉) အထိ သင်တန်းတွေအတွက် လူငယ် ၁၈၅ ဦးထက်မနည်း ဖမ်းဆီးစုဆောင်းခံရတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။