ကလေးမြို့မှာ ဖမ်းဆီးခံရတဲ့ ဒေသခံ သုံးဆယ်ခန့် ပြန်မလွတ်သေး
2025.03.06

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို ဈေးလာဝယ်တဲ့ ကလေးမြို့နယ်တောင်ပိုင်းက အရပ်သား သုံးဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လေးရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း၊ ကျောက်ဂူလမ်းမှာ မတ်လ ၃ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) ထဲမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖမ်းတာကတော့ အကြောင်းမဲ့ပေါ့ဗျာ၊ ပစ္စည်းသယ်လို့ ဘာလို့ပေါ့။ ပြည်သူလူထုသွားလာမှုကို ပိတ်ပင်ချင်လို့၊ တားဆီးချင်လို့ပေါ့"
ဖမ်းဆီးခံထားရသူတွေဟာ ထောက်ကြံ့၊ ထိုမာ၊ တင်သား၊ အရှေ့စီး စတဲ့ ရွာတွေကဖြစ်ပြီး ကလေးမြို့ပေါ် ဈေးတက်ဝယ်ပြီးနောက် အဲဒီရွာတွေဘက်မှာ ဈေးပြန်ရောင်းကြတဲ့သူတွေလို့ သူကဆိုပါတယ်။
ကလေးမြို့နယ် မြောက်ပိုင်းမှာလည်း မြို့ပေါ်တက်ဈေးဝယ်လာသူတွေကို နေ့စဉ်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်းက လာသူတွေကို ဆည်ကြီးရွာဘက်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်နေရာမှာ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေရဲ့ ပစ္စည်းနဲ့ ဆိုင်ကယ်တွေကို ပြန်မပေးဘဲ သိမ်းယူထားသလို လူကိုတော့ ငွေကျပ်ခြောက်သိန်းခွဲအထိပေးပြီး ပြန်လည်ရွေးယူရတယ်လို့ ကလေးမြို့နယ်မြောက်ပိုင်းက အခြေအနေတွေကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကုန်စည် စီးဆင်းတာတွေကို ထိန်းချုပ်ချင်တာလည်း ပါမယ်ဗျ။ မြောက်ပိုင်းမှာဆို ဆည်ကြီးရွာကျော်တာနဲ့ PDF ထိန်းချုပ်နယ်မြေတွေချည်းပဲ"
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က မေးမြန်းတဲ့အခါ သူ့အနေနဲ့ အသေးစိတ်ဖြစ်ရပ်တွေကို မသိရှိရသေးကြောင်း ပြောဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်းက ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သားဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။