ကလေးမြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်နှစ်ဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရ

RFA Burmese
2024.10.18
ကလေးမြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်နှစ်ဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရ ကလေးမြို့တွင်းတစ်နေရာအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ သုံးပတ်အတွင်း ဒေသခံ လူငယ်နှစ်ဆယ်ခန့် စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) အတွက် လူသစ်စုဆောင်းခံထားရတယ်လို့ အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ်ကစလို့ ကလေးမြို့နဲ့အနီးတစ်၀ိုက်မှာ လူငယ်တွေကို ဖမ်းဆီးစုဆောင်းနေတာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာတင် လူငယ်ခြောက်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကျပ်သိန်း ၂၀ ကနေ ၄၀ အထိ ငွေကြေးပေးပြီး ပြန်လည်ရွေးယူတာကြောင့် ပြန်လွတ်လာတဲ့ လူငယ်တချို့ရှိပေမဲ့ အများစုက စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညပိုင်းတွေမှာ လက်ဖက်ရည်ဆိုင်သွားတဲ့ လူငယ်တွေ၊ အိမ်ပြန်တဲ့လမ်းတွေမှာ အဆွဲခံရတာ။ တော်တော်ဆိုးဆိုးပဲပေါ့နော် ဖြစ်နေတာ။ အခုဆို ညပိုင်းအပြင် ဘယ်သူမှ မထွက်ရဲကြတော့ဘူး”

ဖမ်းဆီးခံရသူလူငယ်တွေကို ကလေးမြို့ အကျဉ်းထောင်အနီးမှာရှိတဲ့ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ခေါ်ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာလည်း အောက်တိုဘာလဆန်းပိုင်းကစလို့ နှစ်ပတ်အတွင်း အမျိုးသား လေးဆယ်ခန့် စစ်မှုထမ်းဖို့အတွက် လူသစ်စုဆောင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းချိန်ကစလို့ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ပြည်ပကို ထွက်ပြေးတိမ်းရှောင်တာ၊ ပြည်ပနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ပြန်ပို့သူတွေကို စစ်မှုထမ်းခိုင်းတာ၊ စစ်မှုထမ်းထောက်ပံ့ဖို့အတွက် ငွေကြေးကောက်ခံတာ၊ လူငယ်တွေကို ဖမ်းဆီးပြီး လူသစ်စုဆောင်းတာ၊ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်တာ စတဲ့အခြေအနေမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။