ထိုင်းမှာ တစ်လအတွင်း မြန်မာတစ်သောင်းနီးပါး ဖမ်းဆီးခံရ

RFA Burmese
2025.03.11
ထိုင်းမှာ တစ်လအတွင်း မြန်မာတစ်သောင်းနီးပါး ဖမ်းဆီးခံရ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆိုင်တစ်ဆိုင်အား ဝင်ရောက်စစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Chiangmai Immigration

ထိုင်းနိုင်ငံမှာ တစ်လဝန်းကျင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သောင်းနီးပါး ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလလယ်ကစပြီး နေ့တိုင်းစစ်ဆေးဖမ်းဆီးနေရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေ့တိုင်းအဖမ်းခံနေရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို နေ့စဉ်တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေအပါအဝင် နေထိုင်ခွင့်အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို နေ့တိုင်းဖမ်းဆီးနေတာကြောင့် ထိုင်းနိုင်ငံကို ပွဲစားတွေနဲ့ မလာဖို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီနေသူ ကိုရဲမင်းက RFA ကို ပြောပါတယ်။

“ပွဲစားတွေက ငွေယူပြီးတော့ စစ်အုပ်စုအတွက် စစ်သားစုဆောင်းပေးနေသလားလို့တောင် ထင်ရတယ်။ ထိုင်းနိုင်ငံထဲက တရားမဝင်လမ်းတွေက ဝင်ဖို့မကြိုးစားနဲ့။ လွတ်လာရင်တောင် ထိုင်းထဲမှာအလုပ်အကိုင်မရှိဘူး။ ဝင်လာရင်လည်းမလွတ်ဖို့များတယ်။ ဖမ်းဆီးခံထိတဲ့လူအရေအတွက် အရမ်းများတယ်။ ခုနစ်ရက်စီမံကိန်းမှာတောင် မြန်မာနိုင်ငံသားသီးသန့်ကို ငါးထောင်နီးပါး ဖမ်းဆီးခံထိတယ်။ နောက်တိုးလူတွေနဲ့ဆို မြန်မာပြည်သား တစ်သောင်းဝန်းကျင်လောက် အဖမ်းဆီးခံထိတယ်လို့ ခန့်မှန်းလို့ရတယ်”

ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားတွေက ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် နိုင်ငံခြားသားတွေကို စောင့်ကြည့် ဖမ်းဆီးဖို့ ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အရေးပေါ်အမိန့် ထုတ်ခဲ့ပါတယ်။ အဲဒီနောက် ခုနစ်ရက်စီမံကိန်းဆိုပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း နိုင်ငံခြားသား ၉၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးထောင်နီးပါး ပါဝင်ခဲ့ပါတယ်။ ခုနစ်ရက်စီမံကိန်းအပြီးမှာလည်း နောက်ထပ်မြန်မာ ငါးထောင်လောက် ဆက်လက်ဖမ်းဆီးခံခဲ့ရတာပါ။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့က မြန်မာသံအရာရှိရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာပြည်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံရပ်ခြားကို လူငယ်တွေက ရတဲ့နည်းလမ်းနဲ့ ထွက်ခွာနေချိန်မှာ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

အရင်က နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ဖမ်းဆီးတာ၊ စျေးဆိုင်တွေကို ဝင်စစ်တာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ အထောက်အထားစစ်ဆေးခံရတာသာ ရှိခဲ့ပေမဲ့ အခုအချိန်မှာ နေအိမ်တွေထဲအထိ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး တရားမဝင်နေထိုင်သူတွေကို နေ့တိုင်းဖမ်းဆီးနေတာပါ။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းအစိုးရနဲ့ နိုင်ငံတကာပူးပေါင်းပြီး ပြင်းပြင်းထန်ထန်း နှိမ်နင်းဖမ်းဆီးနေချိန်မှာ ထိုင်းနိုင်ငံကိုရောက်လာတဲ့ နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေ အဓိကထားဖမ်းဆီးခံနေရတယ်လို့ မြန်မာအလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။