အမျိုးသမီးနဲ့ ကလေးတွေ ရက်စက်ကြမ်းကြုတ်မှုဒဏ် ခါးစည်းခံနေရကြောင်း ဦးကျော်မိုးထွန်းပြော

RFA Burmese
2025.03.21
အမျိုးသမီးနဲ့ ကလေးတွေ ရက်စက်ကြမ်းကြုတ်မှုဒဏ် ခါးစည်းခံနေရကြောင်း ဦးကျော်မိုးထွန်းပြော တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်ခဲ့စဉ်။
Facebook/ Rosy Women's Union - Dawei

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ လေးနှစ်ကျော်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ခါးစည်းခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မတ် ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပတဲ့ (၆၉) ကြိမ်မြောက် အမျိုးသမီးရေးရာ ကော်မရှင်ဆိုင်ရာ အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက နိုင်ငံတစ်ဝှမ်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အတင်းအကျပ် စစ်သားစုဆောင်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လူကုန်ကူးမှုနဲ့ တခြားခြိမ်းခြောက်မှုတွေကို ကြုံတွေ့ရတဲ့အန္တရာယ် မြင့်မားနေတယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ နေ့စဥ်နဲ့အမျှ အကြောက်တရားအောက်မှာ နေထိုင်ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ အရေးပေါ် လိုအပ်နေသူ သန်း နှစ်ဆယ်ခန့်မှာ ၁၀ ဒသမ ၄ သန်းက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ပဋိပက္ခတွေနဲ့ဆက်စပ်ပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ကျန်းမာရေး ပြဿနာတွေအတွက်လည်း အာရုံစိုက်မှုနဲ့ ရန်ပုံငွေ တန်းတူညီမျှရရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ် ၂၀ ရက်နေ့အထိ စာရင်းတွေအရ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် အမျိုးသမီး ၁၄၇၄ ဦးနဲ့ ကလေး ၇၃၈ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။