ဒရုန်းခေတ်မှာ အာဏာရှင်တွေလုံခြုံရေး ပြန်သုံးသပ်နေရ

RFA Burmese
2025.03.08
ဒရုန်းခေတ်မှာ အာဏာရှင်တွေလုံခြုံရေး ပြန်သုံးသပ်နေရ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ဒရုန်းယာဉ်မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံက ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြားမှာ အင်အားချင်း မမျှပေမဲ့ ဒရုန်းယာဥ်တွေ အသုံးပြုလာနိုင်တဲ့အတွက်ကြောင့် အင်အားချိန်ခွင်လျှာ ပြန်ပြီးညီမျှသွားစေတယ်လို့ RFA ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဒေးဗစ်ဟတ်က သုံးသပ်ပါတယ်။

လိုသလို ထိန်းချုပ်နိုင်တဲ့ ဒရုန်းယာဥ်တွေပေါ်လာပြီး ဒီယာဥ်တွေကို စစ်ရေးမှာ အသုံးပြုလာကြတာဟာ အာဏာရှင်အစိုးရနဲ့ သူတို့ကို တော်လှန်တိုက်ခိုက်နေသူတွေအကြား ကွာဟနေတဲ့ အင်အားချိန်ခွင်လျှာကို အများကြီး ပြောင်းလဲသွားစေပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ဒီလိုမျိုး နည်းပညာမြင့်တဲ့ လက်နက်တစ်မျိုးကို စျေးသက်သက်သာသာနဲ့ လူတိုင်း ဝယ်သုံးနိုင်တဲ့ အနေအထား ရောက်လာတာမျိုး လွန်ခဲ့တဲ့ နှစ်တစ်ရာခန့်အတွင်း မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် လေးနှစ်ကြာ ဆက်ဖြစ်နေတဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ် တိုက်ခိုက်မှုတွေမှာဆိုရင် မြန်မာစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား အင်အားမမျှပေမဲ့ ဒရုန်းအသုံးပြုမှုတွေကြောင့် အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားစေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒေါ်လာ သန်း ၄၀၀ အကုန်ခံပြီး SU-30 တိုက်လေယာဥ် ခြောက်စင်းကို ရုရှားနိုင်ငံကနေ ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG ရဲ့ အဆိုအရ စစ်မြေပြင်က တပ်သားတွေ သုံးနေတဲ့ AK-47 နဲ့ M-16 ရိုင်ဖယ် သေနတ်တွေရဲ့စရိတ်က သုံးပြီးသား အဟောင်းဆိုရင်တောင် တစ်လက်ကို ဒေါ်လာ သုံးထောင်ခန့်ရှိပါတယ်။ ဒါနဲ့ယှဉ်ရင် တော်လှန်ရေး အင်အားစုတွေဘက်က သုံးနေတဲ့လက်နက်တပ်ဆင်ပြီး အဝေးကနေ ထိန်းကျောင်းနိုင်အောင် ပြုပြင်ထားတဲ့ ဒရုန်းတွေရဲ့စရိတ်က ဒေါ်လာ ၁၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်လို့ ဆိုပါတယ်။

အခုဆိုရင် စစ်ကောင်စီတပ်တွေဟာလည်း ဒရုန်းအသုံးပြုတဲ့နေရာမှာ အမီလိုက်လာပါတယ်။ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေ အသုံးပြုတဲ့ စစ်လက်နက်ပစ္စည်းတွေကို အတုယူပြီး အလားတူ ဖန်တီးအသုံးပြုလာပါတယ်။ ဒရုန်းတွေကို ဗုံးကြဲဖို့နဲ့ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတဲ့နေရာမှာ လမ်းပြပေးဖို့ သုံးလာပါတယ်။


ဆက်နွှယ်သော သတင်းများ

စစ်ကောင်စီ ဒရုန်းအသုံးပြုတိုက်ခိုက်မှု ပိုများလာကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော

တရုတ်ဒရုန်းတွေကို စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ

စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ သုံးလာကြောင်း စစ်ခေါင်းဆောင်ပြော


ဒါပေမဲ့လည်း ဒရုန်းယာဉ်တွေရဲ့ အားသာချက်က ရန်သူဘက်က နည်းပညာကို အမီလိုက်နိုင်တာကြောင့် မဟုတ်ပါဘူး။ မျက်မှောက်ခေတ် စစ်ပွဲတွေမှာ မပါမဖြစ် ဖြစ်လာတဲ့ ဒရုန်းတွေ အသုံးပြုတာကို နိုင်ငံတော်အာဏာကို ရယူထားတဲ့အစိုးရက လက်ဝါးကြီး အုပ်ထားလို့ မရတော့တာက ထူးခြားချက်ဖြစ်ပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံက တော်လှန်ရေး တပ်ဖွဲ့တွေဟာ ဒရုန်းတွေ အသုံးပြုနိုင်စွမ်းတစ်ခုတည်းနဲ့ စစ်ကောင်စီတပ်တွေအပေါ် အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီကို တိုက်နေတဲ့ တပ်ဖွဲ့အချင်းချင်း အောင်အောင်မြင်မြင် မဟာမိတ် ဖွဲ့စည်းနိုင်တာ၊ လက်နက်ခဲယမ်းတွေ မပြတ်လပ်အောင် ထုတ်လုပ်ပေးမဲ့ စက်ရုံ၊ အလုပ်ရုံတွေရှိတာနဲ့ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေအပြင် ကံတရားရဲ့ မျက်နှာသာပေးမှုအားလုံးဟာ အောင်ပွဲခံနိုင်ဖို့ အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒရုန်းတွေသာ မသုံးနိုင်ခဲ့ရင် မြန်မာစစ်တပ်ဘက်က စောစောစီးစီး အနိုင်ရနေလောက်ပြီလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို အာဏာရှင်ဆန်ဆန် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ သူနေထိုင်တဲ့အိမ်တော်ကို ဒရုန်းယာဥ်နဲ့ လုပ်ကြံတိုက်ခိုက်သတ်ဖြတ်ဖို့ ကြိုးစားတဲ့ အကြံအစည်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်း၊ ကြံစည်တဲ့သူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တရုတ်ထုတ် နည်းပညာမြင့် ထောက်လှမ်းရေးဒရုန်းတစ်စင်း ပျက်ကျခဲ့ပြီး တော်လှန်ရေး အင်အားစုများမှ သိမ်းဆည်းရမိသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဥ်။ (Photo ; Radio NUG)
အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တရုတ်ထုတ် နည်းပညာမြင့် ထောက်လှမ်းရေးဒရုန်းတစ်စင်း ပျက်ကျခဲ့ပြီး တော်လှန်ရေး အင်အားစုများမှ သိမ်းဆည်းရမိသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က တွေ့ရစဥ်။ (Photo ; Radio NUG)

ဒီကိစ္စနဲ့ပတ်သက်လို့ သာမန်ပြည်သူတစ်ဦးဟာ အစောင့်အကြပ်တွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ နေအိမ်ဝင်းထဲကို ဒရုန်းယာဥ်နဲ့ဝင်ရောက်ဖို့ ဖြစ်နိုင်ပါ့မလားလို့ ကျွမ်းကျင်သူတွေက သံသယရှိနေပါတယ်။ တကယ်တော့ ဒီလိုလုပ်ဖို့ ဖြစ်နိုင်ပါတယ်လို့ ဆောင်းပါးရှင် ဒေးဗစ်ဟတ်က ဆိုပါတယ်။

အင်အား တစ်သိန်းကျော်ရှိတဲ့ စစ်တပ်အပြင် ရဲတပ်ဖွဲ့နဲ့ သက်တော်စောင့်တပ်တွေပါရှိတဲ့ ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို သာမန်ပြည်သူတစ်ဦးက လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့အဖြစ်ဟာ ဒရုန်းယာဥ်တွေကြောင့် အာဏာရှင်တွေတောင် မလုံခြုံတော့တာကို ပြသနေပါတယ်လို့ ဆောင်းပါးရှင်က ရေးသားထားပါတယ်။

(RFA ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဒေးဗစ် ဟတ် ရဲ့ သတင်းဆောင်းပါးအား ရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုတင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။