တိုက်ပွဲအတွင်း နည်းပညာမြင့်ဒရုန်းတွေ စစ်ကောင်စီတပ် အသုံးပြုလာ
2025.03.07

စစ်ကောင်စီတပ်ဟာ အနီအောက်ရောင်ခြည် ဒါမှမဟုတ် အပူလှိုင်းခြေရာခံ ညကြည့်စနစ်ပါဝင်တဲ့ နည်းပညာမြင့် ဒရုန်းတွေကို အသုံးပြုလာတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ညကြည့်ကင်မရာတပ်ဆင်ထားတဲ့ နည်းပညာမြင့်ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ မှတ်တမ်းဗီဒီယိုဖိုင်တွေကိုလည်း စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ မီဒီယာတချို့မှာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဖော်ပြခဲ့ကြပါတယ်။
အဲဒီ ဗီဒီယိုမှတ်တမ်းတွေထဲမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ထိခိုက်သေဆုံးနေတာတွေကို တွေ့ရပါတယ်။
"သူတို့ ခေတ်သစ်စစ်ပွဲ ပုံစံမျိုးကို ဆင်နွှဲနိုင်ဖို့အတွက် နည်းပညာပိုင်းတွေ သူတို့တွေရရှိဖို့ ကြိုးစားတယ်။ အခုဆိုရင်လည်း ရုရှားကို စစ်ခေါင်းဆောင်ကိုယ်တိုင် သွားနေတာရှိတယ်”
စစ်ကောင်စီတပ်ဟာ ဒီလို အဆင့်မြင့်နည်းပညာသုံး ဒရုန်းတွေကို ဗန်းမော်မြို့တိုက်ပွဲမှာပါ အသုံးပြုတယ်လို့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“စစ်ကောင်စီကတော့ ဒရုန်းတွေကတော့ သူတို့ Night Version (ညကြည့်) နဲ့သုံးတာတွေကတော့ရှိပါတယ်။ ဒါတွေက ဗန်းမော်ဘက်မှာပေါ့နော်။ ဗန်းမော်ဘက်မှာတွေ့ရတယ်။ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေပြောတာလည်း ဒရုန်းတွေက တော်တော်အဆင့်မြင့်တဲ့ဒရုန်းတွေကို သုံးတာလို့ပြောကြတယ်။ ညကြည့်ပါတဲ့ ဒရုန်းတွေကို သုံးကြတယ်လို့ ပြောကြတယ်”
တခြားနေရာတွေမှာတော့ အခုလို ဒရုန်းမျိုးတွေအသုံးပြုတာ မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီ ဒရုန်းအသုံးပြုတိုက်ခိုက်မှု ပိုများလာကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော
တရုတ်ဒရုန်းတွေကို စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ
စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ သုံးလာကြောင်း စစ်ခေါင်းဆောင်ပြော
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတာပါ။
ဗန်းမော်တိုက်ပွဲမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ ဗန်းမော်တိုက်ပွဲအတွင်း နည်းပညာမြင့်ဒရုန်းတွေ အသုံးပြုနေတာကြောင့် ထိခိုက်သေဆုံးနေတယ်လို့ RFA ကို ပြောပါတယ်။
“သူတို့(စစ်ကောင်စီတပ်) အနီအောက်ရောင်ခြည်စနစ်သုံးတဲ့ ဒရုန်းတွေက တစ်လလောက်ရှိပြီ။ ထိခိုက်မှု ကတော့ အနည်းနဲ့အများတော့ ရှိပါတယ်။ ဒါပေမဲ့ အရမ်းကြီးစိုးရိမ်ရသလားဆိုတော့ မစိုးရိမ်ရပါဘူး။ ကျွန်တော်တို့မှာလည်း Jumper (ရေဒီယိုလှိုင်းဖြတ်စက်) ရှိသလို ဒရုန်းကလာတာနဲ့ အသံကြားနေရတဲ့ အခါကျတော့ ပြင်ဆင်ချိန်ရှိပါတယ်။ တစ်ခါတလေကျတော့လည်း ဘယ်လောက်ပဲပြင်ဆင် ပြင်ဆင်ထား ကျလာတဲ့လက်နက်က အရမ်းပေါက်ကွဲအားပြင်းတဲ့အခါကျရင် ခံစားလိုက်ရတာတွေရှိပါတယ်။ ထိခိုက်မှုတော့ ရှိပါတယ်”
ထိခိုက်သေဆုံးတဲ့ အသေးစိတ်ကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်မပြောသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ရုရှားနဲ့ တရုတ်နိုင်ငံထုတ် ဒရုန်းတွေသုံးနေတာဖြစ်ပြီး တရုတ်ထုတ်ဒရုန်းက ပိုများတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီဟာ ဒရုန်းနည်းပညာမှာ အဆင့်မြင့်လာနေပြီး နည်းပညာပိုင်းမှာ အသာစီးရသွားနိုင်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်သူ ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။
“ဒရုန်းနည်းပညာကတော့ သူတို့လုံး၀ တစ်ဆင့်မြင့်ရသွားတဲ့ အနေအထားမျိုးရှိတယ်။ သူတို့ စစ်ကောင်စီ အခု လုပ်လာတဲ့ပုံစံကိုပေါ့နော် ကျွန်တော်တို့တွေ တစိုက်မတ်မတ်ကြည့်လာတဲ့အချိန်မှာ သူတို့ ခေတ်သစ်စစ်ပွဲ ပုံစံမျိုးကို ဆင်နွှဲနိုင်ဖို့အတွက် နည်းပညာပိုင်းတွေ သူတို့တွေရရှိဖို့ကြိုးစားတယ်။ အခုဆိုရင်လည်း ရုရှားကို စစ်ခေါင်းဆောင်ကိုယ်တိုင် သွားနေတာရှိတယ်။ ပြီးတော့ နည်းပညာပိုင်းဆိုင်ရာအရတော့ သူတို့တွေ အသာစီးရလာနိုင်ဖွယ်ရှိတယ်”
အခုလိုနည်းပညာတွေ အသုံးပြုလာတဲ့အတွက် စစ်ကောင်စီတပ်ဟာ အားသာချက်အများကြီး ရှိလာနိုင်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက RFA ကို ပြောပါတယ်။
“ဒါမျိုးနည်းပညာတွေကို လက်တွေ့ စစ်မြေပြင်မှာ သုံးလာတဲ့အခါကျရင်တော့ အားသာချက်အများကြီး ရှိလာမှာပေါ့။ သေချာတာက ဒီနိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ကျတဲ့ အဖွဲ့တွေက ပြန်စဉ်းစားဖို့တော့ ကောင်းပါတယ်။ သူတို့ရဲ့ရထားတဲ့ အရင်းအမြစ်ဆိုတာ နိုင်ငံတော်တစ်ခုလုံးရဲ့ အရင်းအမြစ်နဲ့ လုံး၀ နှိုင်းယှဉ်လို့ မရဘူးလေ။ အဲတော့ အချိန်တစ်ခု ပြောင်းလာတာနဲ့အမျှ သူတို့ဘက်က သုံးစွဲနိုင်မှု မရှိလေလေ ဒီတပ်မတော်ဘက်က သုံးစွဲတာပိုများလာလေလေ သူတို့အတွက် အားသာချက် ဘယ်လိုမှရစရာ အကြောင်းမရှိပါဘူး”
နည်းပညာမြင့်ဒရုန်းတွေ အသုံးပြုနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။
RFA ရဲ့စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၁၇၀၀ ကျော် (၁၇၆၉ ဦး) သေဆုံးခဲ့ပြီး ၃၇၀၀ ကျော် (၃၇၂၀ ဦး) ဒဏ်ရာရခဲ့ပါတယ်။