ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတကို ရန်ကုန်မှာ ဆန္ဒပြ

RFA Burmese
2025.03.09
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတကို ရန်ကုန်မှာ ဆန္ဒပြ ၂ဝ၂၅ ခုနှစ် မတ်လ၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်စနစ် တော်လှန်ရေးဆန္ဒပြလှုပ်ရှားမှုတစ်ခု။
Photo: Yangon 4 brother-Y4B

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို ကန့်ကွက်ဆန္ဒပြတဲ့လှုပ်ရှားမှုကို လူငယ်သပိတ်အဖွဲ့တွေက ရန်ကုန်မြို့မှာ မတ်လ ၉ ရက်နေ့က လုပ်ခဲ့ပါတယ်။

အာဏာရှင်စနစ်ကို တော်လှန်ကြဖို့အပါအဝင် စစ်ကောင်စီခေါင်းဆောင်နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ ဓာတ်ပုံတွေနဲ့ ဖမ်းဝရမ်းထုတ်ကြောင်း စတစ်ကာတွေကို ရန်ကုန်မြို့က လူစည်ကားရာနေရာတွေမှာ လိုက်လံကပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံသားတွေနဲ့အတူ မြန်မာပြည်သူတွေလည်း ထပ်တူရှိတဲ့အကြောင်း စတေကာတွေလည်း ကပ်ခဲ့ကြပါတယ်။

အာဏာရှင်ခေါင်းဆောင်တွေ ပေါင်းစည်းလာတာဟာ ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်ကြောင်း သိစေချင်တာ‌လို့ ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“စစ်ခေါင်းဆောင်က ရုရှားကိုသွားပြီး ဆက်ဆံရေးအင်အား တိုး‌ပွားအောင်လုပ်ဆောင်နေပါတယ်။ ရုရှားအစိုးရကလည်း ယူကရိန်းပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အချုပ်အချာအာဏာကို ထိပါးစော်ကားကာ ကျူးကျော်တိုက်ခိုက်နေပါတယ်။ ညီမတို့ပြည်သူတွေလည်း စစ်တပ်ရဲ့ လူမဆန်စွာအနိုင်ကျင့်ယုတ်မာမှုတွေကို ခံစားနေရသူများဖြစ်တဲ့အတွက် ကိုယ်ချင်းစာကာ ယူကရိန်းပြည်သူများအတွက် ရပ်တည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဏာရှင်ခေါင်းဆောင်တွေ ပေါင်းစည်းလာတာဟာ ပြည်သူတွေအတွက် ရတက်မအေးမှုကိုဖြစ်စေပါတယ်။ ဒီလှုပ်ရှားမှုကနေ ညီမတို့ဟာ သွေးမအေးစွာ အာဏာရှင်ကို တော်လှန်နေကြသလို ညီမတိုနဲ့ အလားတူတော်လှန်နေကြတဲ့ ပြည်သူတွေအတွက်ရပ်တည်ပေးခဲ့ခြင်းကို သိစေချင်တဲ့အတွက်ဖြစ်ပါတယ်”

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို မတ်လ ၃ ရက်နေ့ကနေ မတ်လ ၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး စွမ်းအင်နဲ့ နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ၁၀ ခုကို လက်မှတ်ထိုးခဲ့သလို ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံချိန်မှာ ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားဘက်က အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ဒီဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ (Yangon 4 brother-Y4B) ဖြစ်တဲ့ LinnYaungNiYouthOrganization(LYNYO)၊ Mayangone Democratic Front (MDF)၊ KyimyindaingNetworks (KMD18) နဲ့ OwlCommunity တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။