ရုရှားကို မြန်မာအလုပ်သမားတွေ စစ်ကောင်စီ စတင်စေလွှတ်

RFA Burmese
2025.03.06
ရုရှားကို မြန်မာအလုပ်သမားတွေ စစ်ကောင်စီ စတင်စေလွှတ် ရုရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဥ်။
Myanmar Military

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကိုရောက်နေချိန် မြန်မာအလုပ်သမား ၂၄ ဦးကို ရုရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ မတ် ၅ ရက်နေ့မှာ ပထမဆုံးအကြိမ် စေလွှတ်လိုက်ပြီလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှား-မြန်မာ ဆက်ဆံရေးခိုင်မြဲဖို့နဲ့ မြန်မာအလုပ်သမားတွေ အခွင့်လမ်းသစ် ရရှိနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ရှေ့ပြေးစီမံကိန်း (Pilot Project) အနေနဲ့ ဆောင်ရွက်တာလို့ ဆိုပါတယ်။

အလုပ်သမား စေလွှတ်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီမှု အလုပ်အကိုင်စာချုပ် (MoU) လက်မှတ်ထိုးနိုင်ရေးကိုလည်း ညှိနှိုင်းနေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

အခုစေလွှတ်လိုက်တဲ့ အလုပ်သမားတွေဟာ ရုရှားနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်ရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

အိမ်နီးချင်း နိုင်ငံတွေကိုတောင် အလုပ်သမားတွေ သွားရောက်အလုပ်လုပ်ခွင့် ကန့်သတ်ခံထားရချိန် ရုရှားနိုင်ငံအထိ အလုပ်သမားတွေ စေလွှတ်နေတာက မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အလုပ်သမားရေး လှုပ်ရှားနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ဘယ်လိုအလုပ်မျိုးကို လွှတ်တာလဲပေါ့နော်။ ကိုယ်က ပညာရတဲ့အလုပ်မျိုးကိုလွှတ်တာ မဟုတ်ဘဲနဲ့ ခန္ဓာကိုယ် စိုက်ထုတ်ပြီး ပင်ပင်ပန်းပန်းနဲ့ လုပ်ရတဲ့အလုပ်မျိုးဆိုရင်တော့ အကျိုးမရှိဘူး။ နောက်တစ်ခုက ကျန်တဲ့နိုင်ငံတွေ မသွားရဘဲနဲ့ ဘာဖြစ်လို့ ရုရှားကျမှ သွားရတာလဲပေါ့နော်။ တခြားနိုင်ငံတွေကျတော့ ပိတ်ထားတယ်လို့ သိရတယ်လေ”

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကစပြီး ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားဟာ အလုပ်သမား ရှားပါးတာအပြင် စစ်သား လိုအပ်ချက်ရှိနေတယ်လို့ ကမ္ဘာသတင်းတွေမှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံကိုရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ထားဝယ် အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရလို့ အားရကျေနပ်မိကြောင်းနဲ့ ရုရှားရဲ့ ကြွယ်ဝမှုနဲ့ နည်းပညာတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ့ဖို့ ဖိတ်ခေါ်ကြောင်း မတ် ၅ ရက်နေ့မှာ ပြောခဲ့ပါတယ်။

မြန်မာ အလုပ်သမားအများစုဟာ ထိုင်း၊ မလေးရှား၊ လာအို၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လေ့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။