မြန်မာနိုင်ငံမှာ အသေးစား နျူကလီယားစက်ရုံ တည်ဆောက်မယ်လို့ ရုရှားကြေညာ

RFA Burmese
2025.03.05
မြန်မာနိုင်ငံမှာ အသေးစား နျူကလီယားစက်ရုံ တည်ဆောက်မယ်လို့ ရုရှားကြေညာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ဆုံနေစဉ်။
Photo: AFP

မြန်မာပြည်မှာ ရုရှားရဲ့ထောက်ပံ့မှုနဲ့ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ကြား မတ်လ ၄ ရက်နေ့က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်းက တည်ဆောက်မယ့် ဒီစက်ရုံဟာ ၁၀၀ မဂ္ဂါဝပ် စွမ်းအင် ထုတ်မှာဖြစ်ပြီး နောက်ပိုင်းမှာ သုံးဆလောက် ထပ်မံတိုးမြှင့်နိုင်ချေရှိတယ်လို့ The Economic Times က မတ်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ၉၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့တဲ့ ရုရှားဟာ မြန်မာနိုင်ငံကို စွမ်းအင် ဆက်လက်ပေးနိုင်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ ရုရှားအဏုမြူကော်ပိုရေးရှင်း Rosatom ကြား နျူကလီးယား စွမ်းအင်အသုံးချရေး နားလည်မှုစာချွန်လွှာကို သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က စိန့်ပီတာစ်ဘတ်မြို့မှာ လက်မှတ်ထိုးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ ဒီပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစဉ်ကို ရပ်တန့်ခဲ့ပါတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးကြိုးပမ်းမှုဟာ အကျိုးစီးပွားထက် ပထဝီနိုင်ငံရေးအရ နောက်ဆက်တွဲ မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တစ်ဖက်မှာလည်း စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အတွင်း သမ္မတပူတင်က လာမယ့် မေလ ၉ ရက်နေ့ မော်စကို မြို့မှာ ကျင်းပမဲ့ စစ်ရေးပြအခမ်းအနားမှာ မြန်မာနိုင်ငံက စစ်ရေးပြတပ်ဖွဲ့တစ်ခုအနေနဲ့ ပါဝင်မယ်လို့လည်း ကြေညာလိုက်ပါတယ်။

မြန်မာလေတပ်ကတော့ တရုတ်ထုတ် JF-17 တိုက်လေယာဉ်တွေမှာ နည်းပညာဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ် ချိန်က ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် ၆ စီးကို ဝယ်ယူခဲ့ပါတယ်။

မြန်မာလေတပ်ဟာ ၂၀၁၈ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်းလေးရာတန် စာချုပ်အရ ရုရှားထုတ် တိုက်လေယာဉ်တွေကို ဝယ်ယူခဲ့တာပါ။

ဒီတိုက်လေယာဉ်တွေကို မန္တလေးတိုင်း၊ မိတ္ထီလာလေတပ်စခန်းမှာထားရှိထားပြီး အိန္ဒိယနဲ့ နယ်စပ်တစ်လျှောက် နယ်မြေတွေကို သိမ်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ မြန်မာလေတပ်က အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၅ ရက်နေ့က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အတွင်း သဘောတူ ညီချက် ၁၀ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သလို ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ စွမ်းအင် စတဲ့ကဏ္ဍတွေ နှစ်နိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။