ရွေးကောက်ပွဲကို အားလုံးပူးပေါင်းဖို့ စစ်ခေါင်းဆောင်ပြော
2025.03.09

ရွေးကောက်ပွဲကို အားလုံးပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံခရီးစဉ်ကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာ ခရီးစဉ်အတွင်းလိုက်ပါလာတဲ့ မီဒီယာတွေနဲ့ မတ်လ ၉ ရက်နေ့ကတွေ့ဆုံချိန် ပြည်သူတွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လိုချင်ရင် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောလိုက်တာပါ။
"ပါတီစုံဒီမိုကရေစီစနစ်လုပ်မယ်လို့ ကျွန်တော်တို့ ပြောခဲ့တာရှိတယ်၊ ဒါကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ၊ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲဒါလုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျာ၊ ကျွန်တော် ဒါပြောရဲပါတယ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်ရင် အားလုံးပူးပေါင်းဆောင်ရွက်ကြပါလို့လည်း ကျွန်တော်ပြောချင်ပါတယ်"
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ်လ ၃ ရက်နေ့က ၉ ရက်နေ့အထိ တစ်ပတ်ကြာ သွားရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေကို ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာကျင်းပမဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကလည်း ကိုယ်စားလှယ်တွေလွှတ်ပြီး စောင့်ကြည့်လေ့လာမယ်လို့ ပြောဆိုလိုက်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
၂၀၂၅ ခုနှစ်နောက်ပိုင်းကနေ ၂၀၂၆ ခုနှစ်ပထမသုံးလပတ်အတွင်း လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ဘီလာရုစ်ခရီးစဉ်မှာ ပြောကြားခဲ့ကြောင်း ဘီလာရုစ်အစိုးရပိုင် သတင်းဌာန BELTA က မတ်လ ၇ ရက်နေ့မှာ ရေးသားပါတယ်။
ဘီလာရုစ်လွှတ်တော်အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အဆင့်သင်ဖြစ်နေကြောင်း စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်း ဘီလာရုစ် အောက်လွှတ်တော်ဥက္ကဋ္ဌ Igor Sergeyenko က ပြောလိုက်တယ်လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ကတော့ စစ်ကောင်စီဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကို ဖယ်ထားပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာအပြင် အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြုံစဖူးမြင့်တက်လာတယ်လို့ ထောက်ပြထားပါတယ်။ ဒါကြောင့် စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။