စစ်ကောင်စီရဲ့ တပ်မတော်နေ့ ဖိတ်ကြားချက်အပေါ် တုံ့ပြန်မှုများ ကွဲပြား

မတ်လ ၂၇ ရက်နေ့ကို ၇၇ ကြိမ်မြောက် တပ်မတော်နေ့အဖြစ် နေပြည်တော်မှာ ကျင်းပဖို့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေအပါအဝင် လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေ ကိုပါ ဖိတ်ကြားခဲ့ပါတယ်။ အခုလိုဖိတ်ကြားရာမှာ အဖွဲ့ဥက္ကဋ္ဌ ဒါမှမဟုတ် အတွင်းရေးမှူးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့စာမှာ ပါရှိတာ ကြောင့် တိုင်းရင်းသားတွေကြားမှာ ဆွေးနွေးမှု တွေ ပြုလုပ်နေပါတယ်။
NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ ကရင်နီ တိုးတက်ရေးပါတီ (KNPP) ကို အခမ်းအနားကို တက်ရောက်ဖို့ ရှိလားလို့ မေးမြန်းရာမှာ အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က စစ်ကောင်စီက ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ဖြေပါတယ်။
“ကျနော်တို့က တက်ဖို့ အစီအစဉ်မရှိပါဘူး၊ ပြည်ထောင်စုနေ့တုန်းကတော့ ဆက်ဆံရေးရုံးတာဝန်ခံတို့၊ ဒီကနေ Mandate (လုပ်ပိုင်ခွင့်) ဘာမှမပေးလိုက်တဲ့ ဆက်ဆံရေးရုံးတာဝန်ခံတို့ကို ၁ဝ ဖွဲ့ ၁၁ ဖွဲ့ တက်တယ်ဆိုပေမယ့် နိုင်ငံရေးအရ သူတို့ဘာမှ ဆွေးနွေးလို့ မရဘူး”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီကို မေးတဲ့အခါမှာတော့ တက်ရောက်ဖို့ရှိပေမယ့် ဘယ်သူတက်မလဲဆိုတာ အဖွဲ့ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ခေါင်းဆောင်ပိုင်းတွေကတော့ အစည်းဝေးတွေ ရှိနေလို့ပါ၊ ကျမတို့ ပါတီတွင်းမှာလည်း ဆွေးနွေးနေတာတွေ ရှိပါတယ်။ ကျမတို့ကတော့ အထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း နေပါတယ်။ တက်မယ်လို့တော့ သဘောထားပေးထားတာရှိပါတယ်။ ထိပ်တန်းခေါင်း ဆောင် တွေတော့ မပါဘူး”
ဒေါ်စောမြရာဇာလင်းက အခမ်းအနားကို ဘယ်သူတက်ရောက်မလဲဆိုတာ အတိအကျ ပြောဆိုခြင်းမရှိပေမယ့် တိုင်းရင်းသားအဖွဲ့တွေကို ဖိတ်ကြားတဲ့စာမှာ အခမ်းအနား တက်ရောက်မယ့်သူစာရင်းကို မတ်လ ၂ဝ ရက်နေ့အရောက် ပို့ပေးဖို့ ရေးသားထားပါတယ်။
"ကျနော်တို့က တက်ဖို့ အစီအစဉ်မရှိပါဘူး"
အလားတူပဲ NCA လက်မှတ်ရေးထိုးထားတဲ့ နောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ကတော့ အခမ်းအနားကို လူလွှတ်၊ မလွှတ် ဆွေးနွေးနေ တယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်ထွန်းတင်က ပြောပါတယ်။
“ဖိတ်ကြားထားတာ ဥက္ကဋ္ဌ၊ ဒါမှမဟုတ် အတွင်းရေးမှူး ဗဟိုကော်မတီပေါ့။ ကျနော်တို့ ညှိနှိုင်းနေတုန်း ရှိသေးတယ်”

အခုလို စစ်ကောင်စီက ဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အင်စတီကျူ ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကတော့ အခုလို အခမ်းအနားတက်ရောက် ရမယ့်သူကို ရွေးပြီး ဖိတ်ကြားတာမျိုး တပ်မတော်အနေနဲ့ အရင်ကလည်း လုပ်ဖူးတယ်လို့ ပြောပါတယ်။
“သူတို့ ဘာရည်ရွယ်ချက်နဲ့ ခုလိုဖိတ်ကြားတယ်ဆိုတာ ကျနော်လည်းမသိတော့ မှတ်ချက်ပေးရ ခက်တယ်။ ဒါပေမဲ့ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ အရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတုန်းကလည်း ဒီလိုဖိတ်ကြားဖူးတယ်”
ဒေါက်တာမင်းဇော်ဦး ပြောသွားတာပါ။ အခုလို ဆုံးဖြတ်ချက်ချနိုင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကိုရွေးပြီး အခမ်းအနားကို ဖိတ်ကြားနေခြင်းဟာ နိုင်ငံတကာကို သူတို့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာကို ပြချင်တာကြောင့် ဖြစ်တယ်လို့ KNPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“ဒါ သူတို့ဟာ အာဆီယံမူ ငါးချက်အတိုင်း လုပ်နေပါတယ်ဆိုတာကို နိုင်ငံတကာကို ပြချင်လို့ပဲ။ ဒါပေမဲ့ သူတို့ လုပ်ချင်တာကို လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေအရ လုပ်လို့မဖြစ်နိုင်ဘူး”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ် အကြား ဆက်ဆံရေးက ပိုပြီး ပြေလည်လာတာမရှိပါဘူး။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကိုလည်း တိုင်းရင်းသား တွေဘက်က တက်တက်ကြွကြွ ကြိုဆိုကြတာတွေ မရှိပါဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံအတွင်း စစ်ရေးအရရော နိုင်ငံရေးအရပါ တိုးတက်လာမယ့် အခြေအနေတွေက မျှော်လင့်ဖို့ ခက်ခဲနေပါတယ်။