နေပြည်တော် လုံခြုံရေးအတွက် အရေးပါတဲ့ မိုးဗြဲမြို့ကိုထိန်းချုပ်ဖို့ စစ်ကောင်စီ ထိုးစစ်ဆင်
2025.03.01

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ မိုင်တစ်ရာကျော်ဝေးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ပိုပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ကနေ စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဥ် တိုက်ပွဲပြင်းထန်နေတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးဗြဲတိုက်ပွဲကတော့ ၂၆ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းထိုးလို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်တယ်ပေါ့နော်။ စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်ပြီး ခုခံတဲ့အနေအထားမျိုး ဖြစ်သွားတာပေါ့”
ဒီတိုက်ပွဲအတွင်းမှာ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေဘက်က လေးဦး သေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“လောပိတချောင်းဘေးနဲ့ တောတောင်တွေဘက်မှာ ထွက်ပြေးနေရတဲ့ဒုက္ခသည် တစ်သောင်းနီးပါး ဘာအကူအညီမှမရလို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်”
ဒီအခြေအနေနဲ့ပတ်သက်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
မိုးဗြဲမြို့အဝင်မှာ ဒီနေ့အထိ ပစ်ခတ်သံတွေ ကြားနေရပြီး မြို့တွင်းမှာလည်း လူသုံးလေးဦးအထက် စုဝေးမိရင် စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ပစ်ခတ်နေတယ်လို့ မိုးဗြဲမြို့ခံ ကိုသစ္စာက ပြောပါတယ်။
“မြို့အဝင်ဘက်မှာပေါ့နော်။ ပိုပြီးဆိုးလာသေးတယ်။ အဲဒီမှာ သုံးလေးယောက် စုရင် မီးလောင်ဗုံးတို့ ဒရော့ဗုံးတို့ ခဏခဏကျတယ်။ ခြေကျိုး၊ လက်ကျိုး၊ လက်ပြတ်တာတို့ အများကြီးရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘယ်သူမှန်လည်း မသိတော့ဘူး။ ပိုဆိုးလာတဲ့အခါကျတော့ မြို့ထဲမှာ ဘယ်သူမှ မရှိတော့ဘူးလေ။ ကားတောင် သွားလို့မရတော့ဘူး။ ဆိုင်ကယ်ကတော့ အမြန်ဖြတ်သွားရင် ရသေးတယ်။ ကားဆိုရင် ချက်ချင်း လိုက်လာတာ။ မြို့ပေါ် ၁၁ ရပ်ကွက်ထဲမှာ ဘယ်သူမှ နေလို့မရတော့ဘူးပေါ့”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာစတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးနဲ့အတူ မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ၂၀၂၄ စက်တင်ဘာကစပြီး ဆီဆိုင်၊ မိုးဗြဲလမ်းမကြီးတစ်လျှောက် အင်အားသုံးရာကျော်နဲ့ စစ်ကြောင်းထိုးပြီး နယ်မြေ ရှင်းလင်းနေတာပါ။
၂၀၂၅ ဇန်နဝါရီ လဆန်းပိုင်းမှာတော့ မိုးဗြဲမြို့နဲ့ ကယားပြည်နယ် လွိုင်ကော်လမ်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့တို့ ထိုးစစ်ဆင်ခဲ့ပြီး မိုးဗြဲမြို့ ခမရ- ၄၂၂ တပ်ကနေလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်လို့ ယူဆတဲ့ မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်နေတာကြောင့် မြို့ခံ နှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
မိုးဗြဲမြို့ပေါ်မှာ ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ သုံးသောင်းနီးပါး နေထိုင်တာပါ။ နေ့စဥ် တိုက်ပွဲဖြစ်နေတာကြောင့် မြို့ခံအားလုံးနီးပါးဟာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ အင်းလေး၊ တောင်ကြီးနဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွေကို ထွက်ပြေးနေရတာပါ။
လောပိတ ချောင်းဘေးနဲ့ တောတောင်တွေဘက်မှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သောင်းနီးပါး ဘာအကူအညီမှမရလို့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မိုးဗြဲမြို့ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ဒီနားတစ်ကြောဆို သောင်းဂဏန်း ရှိပြီထင်တယ်။ ကျွန်မတို့နားဆို ရာဂဏန်း ရှိတယ်။ မိုးကာတွေနဲ့ထိုးပြီး နေထိုင်ကြရတာပေါ့နော်။ ရွာထဲ တောထဲဆိုတော့နော်။ ရွာသူရွာသားက စောစောပိုင်းကတည်းက ရှောင်ထားတာရှိတယ်။ တချို့လည်း ပြန်လာလို့ ပြေးတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေနဲ့ အတော် ဒုက္ခရောက်တာပေါ့နော်။ အခုက အခြေအနေ ပိုဆိုးလာတယ်လေ”
မိုးဗြဲမြို့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
မိုးဗြဲမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီလေကြောင်း ဗုံးခြောက်ကြိမ်ကြဲချ
တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ ရိက္ခာရှားပါးမှုကြောင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးများလာ
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားခစျေးတက်လို့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေ
နိုင်ငံရေး လေ့လာသုံးသပ်တဲ့ စစ်တပ်အရာရှိဟောင်း တစ်ဦးကတော့ မိုးဗြဲဟာ နေပြည်တော် လုံခြုံရေးမှာ အရေးပါတာကြောင့် စစ်တပ်အနေနဲ့ ရတဲ့နည်းနဲ့ ပြန်ယူဖို့ ထိုးစစ်တွေဆင်နေတာလို့ သုံးသပ်ပါတယ်။
“သူတို့ပြောတဲ့ နေပြည်တော်သို့ ဆိုတဲ့ရည်မှန်းချက်မှာ မိုးဗြဲ ဖယ်ခုံက အဓိကကျတယ်။ နေပြည်တော်ကို အဓိက ခြိမ်းခြောက်နိုင်တဲ့ နေရာဖြစ်နေတယ်။ အဲဒီတော့ မိုးဗြဲကို အစိုးရက လွှမ်းမိုးနိုင်ရင် ခြိမ်းခြောက်မှုတစ်ခု လျော့နိုင်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ တာဝါတိုင်တွေကိစ္စပေါ့နော်။ တာဝါတိုင်တွေက မိုးဗြဲတို့ ဘာတို့ကနေ ပြန်ပြီးတော့ အဆင်ပြေသွားရင် လောပိတက ရလာမဲ့ မီဂါဝပ်တွေ ပြန်ပြီးရသွားမယ်ပေါ့နော်။ ရသွားရင် တိုင်းပြည်အတွက် အဆင်ပြေမယ်။ ဒီရည်ရွယ်ချက်လည်း ပါမယ်လို့ ထင်တယ်။ နိုင်ငံရေးရော စီးပွားရေးရော အဲဒီအတွက် မိုးဗြဲက အရေးပါနေတာပေါ့နော်”
ကယားပြည်နယ်အခြေစိုက် တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ မတ် ၁ ရက် နေ့ ထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းခဲတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၅ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၁၃၀၀ နီးပါး ဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ရေ နှစ်ထောင်နီးပါး တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာအပြင် စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရတဲ့ အရပ်သား ခုနစ်ရာကျော် (၇၂၇ ဦး) ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။