မန္တလေးရောက် ဗန်းမော်စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် စားဝတ်နေရေး ခက်ခဲနေ
2025.03.06

တိုက်ပွဲကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲကနေ နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းကျော်ရှိတဲ့အထဲ ဒေသခံနှစ်ထောင်ကျော်ဟာ မန္တလေးမြို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဗန်းမော် ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့တိုက်ပွဲကြောင့် ဗန်းမော်မြို့ပေါ်နဲ့ အနီးအနားရွာတွေက ဒေသခံတွေဟာ မိုးမောက်၊ ရွှေကူ၊ မံစီနဲ့ နီးစပ်ရာ မြို့တွေအပြင် မြစ်ကြီးနား၊ မန္တလေးနဲ့ ရန်ကုန်မြို့အထိ ထွက်ပြေးခဲ့ကြရတာလို့ ဆိုပါတယ်။
“ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီး ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်”
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့ကစလို့ ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီး ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုလိုက် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတာ သုံးလကျော်လာပြီး အလုပ်လည်း မရှိတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ဗန်းမော်ကနေ မန္တလေးကို ထွက်ပြေးလာတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“မန္တလေးမှာ ကျွန်မတို့က အမျိုးအိမ်တွေ မရှိတဲ့အခါကျတော့ ဘုန်းကြီးကျောင်းမှာ တည်းနေတာရှင့်။ စရောက်ကတည်းက ဒီနေ့အထိ ဘုန်းကြီးကျောင်းမှာပဲ။ အဝတ်အစားလေး ဝတ်ထားတဲ့ဟာလေးပဲ ပါခဲ့တယ်။ မှတ်ပုံတင်တွေ ဘာတွေကကျတော့ ကိုယ်နဲ့မကွာ ဆောင်ထားလို့ ပါခဲ့တယ်။ ကျန်တာတော့ ကျွန်မတို့ ဘာမှမယူခဲ့နိုင်ဘူး။ အခု ကျွန်မတို့နေတဲ့ ကျောင်းမှာကိုက ခုနစ်ဆယ်လောက် ရှိတယ်။ ပြီးရင် မန္တလေးမြို့ပေါ်က ဘုန်းကြီးကျောင်းမှန်သမျှ အကုန်လုံး ဗန်းမော်စစ်ရှောင်တွေတင် အကုန်ပြည့်နေပြီရှင့်။ တချို့ ဘုန်းကြီးကျောင်းတွေတောင်မှ လူမဆန့်တော့လို့ လက်မခံတော့ဘူး။ ငယ်တဲ့ ရွယ်တဲ့ လူတွေအတွက်ကျတော့ အရောင်းဆိုင်တွေမှာတော့ အလုပ်ရတယ်လေ။ ကျွန်မတို့ကျတော့ အသက်က နည်းနည်း လေးဆယ်နောက်ပိုင်း ရောက်သွားပြီဆိုတော့ အလုပ်ရှားတယ်လေ”
မန္တလေးကို ရောက်နေတဲ့ ဗန်းမော် စစ်ဘေးဒုက္ခသည်အများစုဟာ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြပြီး ငွေကြေးတတ်နိုင်သူ အနည်းငယ်သာ အိမ်ခန်းငှားကာ နေထိုင်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ဗန်းမော်ခရိုင်အသင်းတွေက အလှူခံပြီး ငွေကြေးထောက်ပံ့ပေးနေသလို တစ်ခါတစ်ရံ ပြင်ပအလှူရှင်တွေက အစားအသောက်တွေ လာရောက်လှူဒါန်းတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ဒါပေမဲ့ မိသားစု ရေရှည်စားဝတ်နေရေးအတွက် ဗန်းမော် စစ်ဘေးဒုက္ခသည်အချင်းချင်း အိမ်ခန်းစုငှားပြီး ဈေးရောင်းနေသူတွေရှိသလို အိမ်ငှားနေဖို့ အခက်အခဲ ဖြစ်နေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အသက် ၄၀ ကျော်အရွယ် ဗန်းမော်စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက မန္တလေးမြို့မှာ အလုပ်အကိုင် အဆင်မပြေတာကြောင့် လက်ရှိအိမ်ခန်းကို ဆက်မငှားနိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။
“စိတ်ဆင်းရဲ ကိုယ်ဆင်းရဲပေါ့နော် ယနေ့အချိန်ထိပါပဲ။ ဆောက်တည်ရာမရ အကုန်လုံးက ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိ။ ဦးတည်ချက်မရှိဘဲ မန္တလေး ရောက်ခဲ့တယ်။ ဒီရောက်တော့လည်း ရပ်ကွက်ထဲက ကိုယ့်မြို့သူမြို့သား အခံလေးတွေနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်ပေါ့နော်။ ရှိတာလေးတွေ ဝေမျှစားသောက်ပြီးတော့မှပဲ။ ဘာလုပ်ရမလဲဆိုပြီးတော့ အဲဒီလိုမျိုးပေါ့။ အဲဒီလိုမျိုး အတွေးတွေနဲ့ပဲ ယနေ့အချိန်ထိတော့ ကိုယ်က နေနေရတာပေါ့။ ရောက်ခါစက တော်တော်ကို ဒုက္ခရောက်တယ်။ ဘယ်မှာတည်းရမှန်းလဲ မသိ ဘာလုပ်ရမှန်းမသိ။ ကျွန်မတို့ကပဲ အသားမကျတာလား၊ ကျွန်မတို့ကပဲ ကြောက်စိတ်တွေ မပြေသေးတာလား မသိဘူး။ လုပ်ငန်းတွေအများကြီးကလည်း ဘာမှအဆင်မပြေဘူး။ အခုအဆင်မပြေလို့ ဒီငှားထားတဲ့ အိမ်လေးကိုလည်း ပြန်ပြီးတော့ ပြန်ငှားပြီးတော့ပေါ့နော် ကျွန်မတို့တွေ ရှေ့ဆက်ပြီး ဘုန်းကြီးကျောင်းလေးတွေမှာနေမယ်။ ပြီးရင် ဘာလုပ်စားကြမလဲပေါ့နော်။ အဲဒီလိုမျိုးလေးတွေတော့ စဥ်းစားထားတယ်ပေါ့နော်”
ဗန်းမော်မြို့ပေါ်မှာ တိုက်ပွဲစဖြစ်ကတည်းက မိသားစုဝင်တချို့ ကချင်ပြည်နယ်ဘက် ထွက်ပြေးခဲ့ကြပေမဲ့ သူတို့ သားအမိကတော့ မန္တလေးမြို့ကို ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။
အများစုဟာ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးနဲ့ သက်ကြီးရွယ်အို မိဘတွေရဲ့ ကျန်းမာရေးအတွက် မန္တလေးကို ရွေးချယ်ခဲ့ကြတာလို့ ပြောကြပါတယ်။
ကချင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် ကျန်နေခဲ့တဲ့ မိသားစုတွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဗန်းမော် စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
“အိမ်ငှားခဈေးကြီးတာ၊ မိသားစု ရပ်တည်နိုင်ဖို့ ဝင်ငွေရနိုင်မဲ့ အလုပ်အကိုင် ခက်ခဲတာ စတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်”
ပြီးခဲ့တဲ့နှစ် ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း-မန်း စစ်ဆင်ရေး စချိန်မှာ ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတွေအပြင် မန္တလေးတိုင်းထဲက မတ္တရာမြို့နယ် အပါအဝင် မြို့နယ်အချို့က ဒေသခံတွေဟာ မန္တလေးမြို့ပေါ်ကို စစ်ဘေးရှောင်ခဲ့ကြရတာပါ။
မြို့ကြီးတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးရန် ကင်းဝေးပေမဲ့ အိမ်ငှားခဈေးကြီးတာ၊ မိသားစု ရပ်တည်နိုင်ဖို့ ဝင်ငွေရနိုင်မဲ့ အလုပ်အကိုင် ခက်ခဲတာ စတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ဗန်းမော်ဒေသခံတွေက အကြိမ်ကြိမ် စစ်ဘေးရှောင်နေကြရတာလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဗန်းမော်က ဒေသခံစစ်ဘေးရှောင်တွေက နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းလောက် စစ်ရှောင်ခဲ့ပြီးပြီ ဖြစ်နေပါတယ် ခင်ဗျ။ သူတို့မှာ ဒုက္ခက အခုအချိန်လည်း အမှောင်မိုက်ဆုံး ဖြစ်နေတာပါပဲ။ ဘာလို့လဲဆိုတော့ ဗန်းမော်မဖြစ်ခင် ဗန်းမော်ပတ်ဝန်းကျင်က မြို့နယ်တွေဖြစ်တဲ့ မံစီမြို့နဲ့ မိုးမောက်မြို့တွေက အရင်ဖြစ်တာဆိုတော့။ အဲဒီကနေ ဗန်းမော်ဒေသ စစ်ဘေးဒုက္ခသည်တွေက ဒီဗန်းမော်မြို့ထဲကို ပြေးဝင်ပြီးမှ စစ်ဘေးခိုလှုံကြတာဗျ။ အဲဒီကနေတစ်ဆင့် ဗန်းမော်ပြန်ဖြစ်တဲ့အခါကျ ဗန်းမော်နဲ့ အနီးတစ်ဝိုက် ကျေးရွာတွေကို ပြန်ရှောင်ကြတာတွေ ရှိတယ်။ နောက် မန္တလေးဘက်တွေ ရှောင်ကြတာရှိတယ်။ အခု ဗန်းမော်တစ်ဝိုက် ကျေးရွာတွေမှာလည်း ဒီလိုမျိုး စစ်မီးတွေ ကူးစက်တဲ့အခါကျတော့ အဲဒီကနေတစ်ဆင့် ပြန်ရှောင်ဆိုရင် နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းတွေ စစ်ရှောင်နေရတာ။ အခုချိန်မှာဆိုရင် သူတို့အတွက် အမှောင်မိုက်ဆုံးနေ့တွေပါပဲ”
ဒီနေ့အထိ ဗန်းမော်မြို့ပေါ်မှာ တိုက်ပွဲရှိနေတာကြောင့် မြို့ခံလူမှုကူညီရေး အသင်းအများစု ဆက်မကူညီနိုင်တော့ဘဲ အနည်းငယ်လောက်သာရှိတဲ့ လူအင်အားနဲ့ လုပ်နေကြရတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့အနောက်ဘက်မှာရှိတဲ့ ရွှေကူမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာလည်း ဗန်းမော် စစ်ဘေးဒုက္ခသည် သုံးထောင်ခန့် ယာယီခိုလှုံနေကြပြီး စားနပ်ရိက္ခာနဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
၂၀၁၄ ခုနှစ်၊ လူဦးရေ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာပေါင်း ၄၅ ရွာရှိပြီး လူဦးရေ ၁၃၅,၀၀၀ ကျော် (၁၃၅,၈၇၇ ဦး) နေထိုင်ခဲ့တာပါ။
ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA က ဒီဇင်ဘာ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ပြီး အခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ မံစီမြို့ကို သိမ်းယူခဲ့ပါတယ်။
အခုနှစ်၊ ဇန်နဝါရီ လကုန်နဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းမှာလည်း ဗန်းမော်မြို့က အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းနဲ့ အမတ (၃၆၆) အမြောက်တပ်ရင်းတို့ကို KIA က သိမ်းပိုက်ခဲ့ပြီး လက်ကျန် တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ဗန်းမော်စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး စားနပ်ရိက္ခာ လိုအပ်နေ
ဗန်းမော်နဲ့ မိုးမောက်မှာ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဆယ်ဦး သေဆုံး
ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ပိတ်ဆို့ တိုက်ခိုက်နေ
ဗန်းမော် တိုက်ပွဲအခြေအနေသိရဖို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။
၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်ပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။
RFA ရဲ့စာရင်းအရ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းကနေ အခုနှစ်၊ မတ် ၅ ရက်နေ့အထိ ကချင်ပြည်နယ် ဗန်းမော်၊ မံစီ၊ ဖားကန့်၊ မိုးမောက်၊ ဗန်းမော်၊ ဝိုင်းမော်နဲ့ တနိုင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄၅ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသိန်းခွဲနီးပါးအထိ စံချိန်တင် များပြားလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။