ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးရသူ နှစ်သောင်းကျော်လာ

RFA Burmese
2025.03.03
ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးရသူ နှစ်သောင်းကျော်လာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းအတွင်းက တွေ့ရစဉ်။
Citizen Photo

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေတာကြောင့် ဒီနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သောင်းကျော်ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ကျောက်ဖြူမှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်အနီးမှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဆက်ပြင်းထန်နေတာပါ။

တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်စိတ်နဲ့ ကြိုတင်ထွက်ပြေးနေကြသူ တစ်သောင်းခန့်ရှိပြီး အခုတိုက်ပွဲ ပြင်းထန်ချိန်မှာ ထွက်ပြေးနေရသူတွေနဲ့ပါဆိုရင် နှစ်သောင်းကျော်ပြီလို့ ကျောက်ဖြူမြို့နယ်မှာ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"အခုလက်ရှိကတော့ ဓညဝတီ ရေတပ်ဌာနချုပ်နားမှာ တိုက်ပွဲတွေဖြစ်နေကြတယ်။ အဲဒီအနားမှာရှိတဲ့ ရွာတွေ၊ စေမော်ရွာတို့၊ ကြပ်တိန်ရွာတို့ ရွာတစ်ဆယ်ကျော်လောက်ကတော့ မရှောင်လို့ မရတဲ့အခြေအနေ ဖြစ်တာပေါ့။ မြို့ထဲကလည်း ရတဲ့နည်းလမ်းနဲ့ ထွက်လာနေကြတယ်။ တစ်ရက်ထက်တစ်ရက် စစ်ဘေးဒုက္ခသည်ဦးရေက ပိုပြီးများလာတယ်။ အရင်ကတော့ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်လောက် ရှိတယ်။ အခုကတော့ ရွာပေါင်း တစ်ဆယ်ကျော်နဲ့ မြို့ကလည်း ထွက်လို့ရသလောက် ထွက်ပြေးကြတယ်။ အခုဆိုရင် ဒုက္ခသည် နှစ်သောင်းလောက် ဖြစ်သွားပြီ"

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းအတွင်းက တွေ့ရစဉ်။ (Citizen Photo)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းအတွင်းက တွေ့ရစဉ်။ (Citizen Photo)

ရေတပ်ဌာနချုပ်အနီးအနားမှာရှိတဲ့ စေမော်၊ ဦးဂင်း၊ ကပ်သပြေ၊ ပြားတဲ၊ ရှောက်ချောင်း၊ ကြပ်တိန် စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံတွေအပြင် ကျောက်ဖြူမြို့ပေါ်က ဒေသခံတွေပါ ထွက်ပြေးနေရတာပါ။

ကျောက်ဖြူမြို့နယ်မှာ ဓညဝတီ ရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုန်းကျွိန် ရေတပ်စခန်း၊ ခလရ (၂၄)၊ ခမရ (၅၄၂)၊ ခမရ (၅၄၃) တပ်ရင်းနဲ့ အမှတ်(၃၂) တပ်ရင်းတို့ ရှိပြီး အဲဒီအထဲက အကြီးဆုံးဖြစ်တဲ့ ဓညဝတီ ရေတပ်ဌာနချုပ်ကို AA က တိုက်ခိုက်နေတာပါ။


ဆက်နွှယ်သောသတင်းများ

တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲ AA စတင်

ကျောက်ဖြူမှာ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရေလုပ်သား ငါးဦး ဒဏ်ရာရ

AA ရည်မှန်းချက်ကို လိုက်လျောနိုင်ခြေနည်းကြောင်း လေ့လာသူတွေပြော


တိုက်ပွဲပြင်းထန်နေတာ ဆက်ရက်ကျော်လာပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကြဲနေတဲ့အပြင် စစ်ရေယာဉ်တွေပေါ်ကပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်စလုံး စစ်အင်အားတွေ ထပ်တိုးနေတာကြောင့် တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ ကျောက်ဖြူဒေသခံ ကိုနေစိုးခိုင်က သုံးသပ်ပါတယ်။

"စစ်ကောင်စီကတော့ ဂျက်တိုက်လေယာဉ်တွေ၊ Y-12 စစ်လေယာဉ်တွေနဲ့လာပြီး ဗုံးကြဲတာတွေတော့ ရှိတယ်။ အရပ်သားရွာတွေ၊ တိုက်ပွဲအနီးပတ်ဝန်းကျင်တွေနဲ့ တောင်တန်းတွေကို လာကြဲတာရှိတယ်။ စစ်ကောင်စီကလည်း နောက်ဆုတ်တဲ့အနေအထား မတွေ့ရတဲ့အပြင် လူအင်အားတိုးနေတာ ကြားတော့ တိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်မဲ့အခြေအနေ ရှိတယ်"

ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦး ပြောပြချက်အရ စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲနဲ့ဝေးတဲ့ ကျေးရွာတွေနဲ့၊ တောတောင်တွေထဲမှာ ယာယီတဲထိုးနေထိုင်နေကြပါတယ်။

"ဆေးဝါးပြတ်လပ်တာတွေ၊ ပြီးတော့ ရေရှားပါးမှု ပြဿနာ၊ စားဝတ်နေရေးကအစ ကုန်စျေးနှုန်းတွေကလည်းမြင့်နေတော့ စစ်ဘေးဒုက္ခသည်တွေမှာတော့ အဖက်ဖက်က အခက်အခဲတွေဖြစ်နေတယ်"

"လက်ရှိ နွေရာသီဖြစ်နေတော့ မသေအောင် ကြံဖန်ပြီးတော့ နေကြတယ်။ အပင်အောက်တွေမှာ တဲထိုးပြီး နေကြတာတွေ ရှိတယ်။ လယ်ပြင်တွေ၊ တောစပ်တွေမှာ နေကြတာရှိတယ်။ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေလည်း အများကြီး ပါလာကြတယ်။ အခုတော့ ဆေးဝါးပြတ်လပ်တာတွေ၊ ပြီးတော့ ရေရှားပါးမှု ပြဿနာ၊ စားဝတ်နေရေးကအစ ကုန်စျေးနှုန်းတွေကလည်းမြင့်နေတော့ စစ်ဘေးဒုက္ခသည်တွေမှာတော့ အဖက်ဖက်က အခက်အခဲတွေဖြစ်နေတယ်"

စစ်ဘေးဒုက္ခသည်တွေဟာ အနီးအနားရွာတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေရဲ့ အကူအညီ အနည်းငယ်နဲ့သာ ရပ်တည်နေရတာကြောင့် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ကူညီပေးဖို့လိုတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအခြေအနေသိရဖို့ AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်နေတာ တစ်နှစ်ကျော်ရှိလာပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိတယ်လို့ AA ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။