AA ရည်မှန်းချက်ကို လိုက်လျောနိုင်ခြေနည်းကြောင်း လေ့လာသူတွေပြော
2024.12.30

အာရက္ခတပ်တော် (AA) စစ်ဆင်ရေးကာလ တစ်နှစ်ကျော်အတွင်း ရခိုင်ပြည်နယ်က ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်တွေကို စစ်ရေးထက် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေဟာ ရခိုင်ပြည်သူ လူထုတစ်ရပ်လုံး လိုလားတဲ့ ဆန္ဒနဲ့ ရခိုင်ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအတွက် အဓိက ရည်ရွယ်တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲဖိတ်ခေါ်ပြီး တံခါးဖွင့်ပေးထားကြောင်း ဒီနေ့ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ လက်နက်စွန့်ရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကြောင့် ဆွေးနွေးမှုတွေ အထမြောက်မှာမဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
"AA ကတော့ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သဘောထားခင်းကျင်းတာလို့ပဲ ကျွန်တော်က ယူဆပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာက နိုင်ငံရေးဆွေးနွေးချင်လို့ရှိရင် လက်နက်တွေ အပ်ရမယ်။ နိုင်ငံရေးပါတီ ထောင်ရမယ်။ အဲဒီလမ်းကြောင်းကိုတော့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ လူကြားကောင်းအောင် အထူးသဖြင့် တရုတ်ထောက်ခံမှုရအောင် ဒါက ပြောနေတဲ့ကိစ္စတွေပါ"
စစ်ကောင်စီအနေနဲ့ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်ရင် ကန့်သတ်ချက်တွေကိုပါ ဖြေလျှော့ပေးဖို့လိုတယ်လို့ အမည်မဖော်လိုတဲ့ ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက ထောက်ပြပါတယ်။
"အဓိကတော့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားဖို့ လိုအပ်တယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သူတို့ကြိုတင်ပြီးတော့ သတ်မှတ်ထားတဲ့ NCA ရယ်၊ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ပြီးတော့ ပြောဖို့လိုလိမ့်မယ်လို့ အကြမ်းအားဖြင့် ဒီလိုသုံးသပ်မိပါတယ်"
စစ်ကောင်စီအနေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့မပေးရင် ဆွေးနွေးမှုက အောင်မြင်မှာမဟုတ်သလို အာရက္ခတပ်တော် (AA) အနေနဲ့လည်း စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ဒါကြောင့် စစ်တပ်အရာရှိဟောင်းတစ်ဦးကို RFA က ဆက်လက်မေးမြန်းခဲ့ရာမှာ AA ရဲ့တောင်းဆိုမှုဟာ ကွန်ဖယ်ဒရိတ်အဆင့်အထိ ဖြစ်တာကြောင့် စစ်တပ်က လိုက်လျောမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
"ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ဒါပေမဲ့ အောင်မြင်ဖို့၊ မအောင်မြင်ဖို့ကတော့ မရေရာဘူး"
"ကွန်ဖယ်ဒရိတ်အဆင့်ဆိုတာက လွန်သွားတာပေါ့ဗျာ။ ဒါကခွင့်ပြုလိုက်လို့ရှိရင် လွတ်လပ်ရေးရပြီးကာစက စလို့ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး အစိုးရတစ်ခုဖြစ်သွားမှာ စိုးတယ်ပေါ့။ အချုပ်အခြာအာဏာကို ကာကွယ်မယ်လို့ သစ္စာဆိုထားတဲ့ စစ်တပ်ကြီးဖြစ်နေတော့ ပိုဆိုးသွားတာပေါ့နော်။ အဲဒါကို ဒီဘက်ကလည်း လိုက်လျောနိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ဒါပေမဲ့ အောင်မြင်ဖို့၊ မအောင်မြင်ဖို့ကတော့ မရေရာဘူး"
အာရက္ခတပ်တော် (AA) ရဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်နိုင်ရေးအတွက်လည်း တိုက်ရိုက်အထောက်အကူပြုခဲ့ပြီး အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားတဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေ ပြည့်ဝအောင် ဆက်လက်ရပ်တည်သွားမှာဖြစ်သလို တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ အကောင်းဆုံး ညီအစ်ကိုမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။
ဆက်နွှယ်သောသတင်းများ
နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမည်ဖြစ်ကြောင်း AA ထုတ်ပြန်
ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေ AA ထိန်းချုပ်
AA နဲ့အတူ စစ်အာဏာရှင် အဆုံးသတ်ရေး လက်တွဲပူးပေါင်းမည်ဖြစ်ကြောင်း NUG ပြော
လက်ရှိ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်နေတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီက မြို့ပေါ်နဲ့ အနီးဝန်းကျင်လောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။