AA နဲ့အတူ စစ်အာဏာရှင် အဆုံးသတ်ရေး လက်တွဲပူးပေါင်းမည်ဖြစ်ကြောင်း NUG ပြော

RFA Burmese
2024.12.21
AA နဲ့အတူ စစ်အာဏာရှင် အဆုံးသတ်ရေး လက်တွဲပူးပေါင်းမည်ဖြစ်ကြောင်း NUG ပြော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ မေလအတွင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့စဉ်။
Twitter/ Acting President Duwa Lashi La

အာရက္ခတပ်တော် (AA) နဲ့အတူ မြန်မာပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် လက်တွဲပူးပေါင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၂၂ ရက် ဒီနေ့ AA ကိုပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ခြင်းဟာ အာရက္ခ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်ရုံသာမက နိုင်ငံတစ်ဝန်း တော်လှန်တိုက်ပွဲဝင်နေသူတွေကို တော်လှန်ရေးစိတ်ဓာတ် ခွန်အားအမြင့်ဆုံး ရောက်ရှိစေတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

အာရက္ခတပ်တော် ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု၊ ရဲဘော်တွေရဲ့ ပေးဆပ်စွန့်လွှတ်မှုနဲ့ အာရက္ခ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ စည်းလုံးညီညွတ်မှုတွေကိုလည်း ချီးကျူးဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး နှစ်ခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာဟာ စစ်ကောင်စီ မကြာခင် အဆုံးသတ်တော့မယ်ဆိုတာ ပြနေတာဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA က အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့က အပြီးသတ် သိမ်းပိုက်ထားပါတယ်။

ဂွမြို့ကိုလည်း မကြာခင်မှာ သိမ်းပိုက်ဖို့ရှိပြီး ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့ သုံးခုသာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။