ပဋိပက္ခဒေသက ဘဝပျောက်ဆုံးနေသော ကလေးများ

သဇင်လှိုင်
2025.02.25
ပဋိပက္ခဒေသက ဘဝပျောက်ဆုံးနေသော ကလေးများ ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးတွင် စစ်တိုက်လေယာဉ်တစ်စင်း ပျံဝဲနေသည့်အတွက် ပုန်းရှောင်နေသည့် ကလေးတချို့အား ၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့ကတွေ့ရစဉ်။
Union of Karenni State Youth

စစ်ဖြစ်တဲ့ဒေသက ကလေးငယ်တွေဟာ နေ့စဥ်ဘဝမှာ ကြောက်ရွံ့စိတ်တွေနဲ့ ရှင်သန်နေရတဲ့အပြင် သူတို့ရဲ့ ကိုယ်ပိုင် ကလေးဘဝတွေကိုပါ ဆုံးရှုံးနေရပါတယ်။ ဒီကလေးတွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် စိတ်ကျန်းမာစွာနဲ့ လုံခြုစွာ ကြီးပြင်းလာဖို့ကလည်း အရေးကြီးပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာနေတဲ့ အသက်ရှစ်နှစ်အရွယ် မောင်ချစ်ဇော်ကတော့ စစ်ကြောင့် ကြုံခဲ့ရတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“အရုပ်တွေက မရှိဘူးဗျ။ မီးထဲ ပါသွားတာ။ အဲဒီတုန်းက အရုပ်တွေက ထားခဲ့ရတာ။ သားရင်ထဲက ငိုချင်သလိုလို ဘာလိုလို ဖြစ်တယ်”

လေကြောင်း တိုက်ခိုက်မှုနဲ့ကြုံရလို့ ဘာပစ္စည်းကိုမှ မသယ်နိုင်ဘဲ အသက်လုပြေးရတာကြောင့် မီးလောင်သွားတဲ့အိမ်ထဲမှာ သူ့ရဲ့ အရုပ်တွေ ပါသွားခဲ့ရတာကို မောင်ချစ်ဇော်က စိတ်ထိခိုက်ခံစားနေရတာပါ။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အိမ် မီးထဲပါသွားတာ တစ်နှစ်ကျော်ရှိပြီး မောင်ချစ်ဇော်တို့ မိသားစု လက်ရှိအထိ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်နေရပါတယ်။

မီးထဲ အကုန်ပါသွားတဲ့ အရုပ်တွေဟာ အသက်ရှစ်နှစ်အရွယ် မောင်ချစ်ဇော်အတွက်တော့ တန်ဖိုးကြီးမားပြီး အမှတ်တရ များစွာရှိနေတဲ့အရာပါ။

သူ့အတွက် ဒီအရုပ်တွေဟာ သူငယ်ချင်းလို သံယောဇဥ် တွယ်တာခဲ့ရပြီး အသစ်ပြန်ရနိုင်ဖို့ ဆိုတာကလည်း ခက်ခဲနေပါတယ်။

မောင်ချစ်ဇော်ရဲ့ မိဘတွေဟာ မုံရွာကို နေ့စဥ်သွားပြီး အလုပ်သမားဘဝနဲ့ ရုန်းကန်နေရတာကြောင့် အရုပ်မဆိုထားနဲ့ ကျောင်းသုံး ဖတ်စာအုပ်ကိုတောင် မဝယ်ပေးနိုင်ပါဘူး။

“အမေတို့က ပိုက်ဆံ မရှိ၊ အဆင်မပြေကြတော့ သားက မပူဆာဖူးဘူးဗျ။ လိုချင်စိတ်ရှိတယ်။ ပါဝါရိန်းဂျားအရုပ်တွေ၊ စက်ရုပ်တွေ သားက ဆော့ချင်တယ်”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေထိုင်ရေးနဲ့ စားနပ်ရိက္ခာ၊ ဘေးကင်းလုံခြုံမှုတွေဟာ အဓိကလိုအပ်ချက်တွေ ဖြစ်ပေမဲ့ ကလေးတွေရဲ့ စိတ်ကျန်းမာရေးဟာလည်း လျစ်လျူရှုလို့ မရတဲ့အရာလို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

ကလေးတွေအတွက် လွတ်လပ်စွာ ကစားခွင့်နဲ့ အရုပ်တွေဆိုတာဟာ သာမန်ကစားစရာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အထောက်အကူဖြစ်တဲ့ ကုထုံးတစ်ရပ်ဖြစ်ပြီး သူတို့ဖွံ့ဖြိုးကြီးထွားမှုကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲတိုက်ခိုက်ခံရအပြီး ဗုံးကျင်းအနီးတွင် တွေ့ရသည့် ကလေးငယ်များ။ (Karenni's Voice Photo)
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲတိုက်ခိုက်ခံရအပြီး ဗုံးကျင်းအနီးတွင် တွေ့ရသည့် ကလေးငယ်များ။ (Karenni's Voice Photo)

အာဏာသိမ်းကာလ လေးနှစ်ကျော်လာတာနဲ့အမျှ ကလေးတွေဟာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြားမှာ ပိုပြီး စိုးရိမ်ထိတ်လန့်နေရပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုတွေ ပိုပြီးတိုးလာနေတယ်လို့ “တိုင်ပင်ဖော်”ဆိုတဲ့ အခမဲ့စိတ်ကျန်းမာရေး ဝန်ဆောင်မှု အစီအစဥ်က ဆိုပါတယ်။

ဒီအစီအစဉ်ဟာ NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနလက်အောက်မှာရှိပြီး စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာပါ။

အကြမ်းဖက်မှု၊ စိတ်ဖိစီးမှု၊ လေကြောင်းတိုက်ခိုက်မှု အစရှိတဲ့ အကြောက်တရားထဲမှာ နေထိုင်ရတာတွေကြောင့် ကလေးတွေမှာ PTSD လို့ အတိုကောက်ခေါ်တဲ့ Post-Traumatic Stress Disorder (ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ) ဖြစ်နိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။

“လေယာဥ်တွေလာရင် ကြောက်တယ်ဗျ။ သူတို့ကို ပျက်ကျစေချင်တာဗျ”

ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ ကလေးပီသစေခြင်းပါ။ ဥပမာအားဖြင့် အရုပ်တွေနဲ့ ဆော့ကစားတာ၊ ပန်းချီဆွဲတာနဲ့ စာသင်တာတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေကို လျှော့ချပေးနိုင်တယ်လို့ “တိုင်ပင်ဖော်”က အကြံပြုထားပါတယ်။

ဒါကြောင့် ကလေးတွေ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်တဲ့ နေရာမျိုးတွေ ဖန်တီးပေးနိုင်ဖို့ လိုအပ်ပြီး အရုပ်တွေနဲ့ ပန်းချီဆွဲနိုင်မဲ့ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်တာကလည်း ကလေးတွေရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ “တိုင်ပင်ဖော်” အစီအစဥ်ရဲ့ ဦးစီးမှူးဖြစ်တဲ့ စောသဟဲစရီးက RFA ကို ပြောပါတယ်။

“မိမိနေရပ်ကို စွန့်ခွာရတဲ့ ကလေးတွေ၊ ကိုယ့်နေအိမ်တွေ၊ ကိုယ်ချစ်ရတဲ့လူတွေကို စွန့်ခွာရတဲ့ ကလေးတွေအတွက် သူတို့မှာ အရုပ်လေးတွေ ပိုင်တယ်ဆိုတာ သူတို့မှာ ပိုင်ဆိုင်မှုတစ်ခု ရှိတယ်ဆိုတဲ့ ခံစားချက်ပေးနိုင်တယ်။ ဒီအရုပ်တွေ ရှိခြင်းအားဖြင့် သံယောဇဥ် တွယ်တာတတ်မှုပေါ့။ ငါ့ရဲ့ပိုင်ဆိုင်မှုဆိုတဲ့ စိတ်ခံစားချက်မျိုး ရှိတတ်တာ။ ဒီဟာကို အကာအကွယ် ပေးရမယ်ဆိုတဲ့ စိတ်ရှိခြင်းအားဖြင့် သူတို့ရဲ့ Resilience ကို တည်ဆောက်တဲ့အခါမျိုးတွေမှာဆိုရင် အများကြီး အထောက်အကူဖြစ်ပါတယ်”

မိဘတွေအနေနဲ့ကတော့ ကလေးတွေ လုံခြုံဖို့နဲ့ စားသောက်ရေးတို့အတွက်ပဲ အဓိကလုပ်ဆောင်နေရတာကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးတွေဟာ မိသားစု စားဝတ်နေရေးကြောင့် ကုန်စုံဆိုင်တွေမှာ အငှားသွားလုပ်ကြရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ “အညာပစ်တိုင်းထောင်လေးများ”အဖွဲ့ရဲ့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ဖြစ်တဲ့ဒေသမှာ ကလေးသူငယ်တွေ စိုးရိမ်ထိတ်လန့်မှုနဲ့ ကြီးပြင်းရ

အာဏာသိမ်းကာလအတွင်း ကလေး ၆၇၀ ကျော် သေဆုံး

စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ


စစ်ဘေးဒုက္ခသည်တွေဆီကို ကူညီရေးအဖွဲ့တွေ ရောက်လာတိုင်း ကလေးတွေဟာ ပျော်ကြပြီး အရုပ်နဲ့မုန့်တွေ မျှော်ကြတယ်လို့ သူက ဆိုပါတယ်။

“စားဝတ်နေရေးအခြေအနေကိုမှ လုံးပန်းနေရတဲ့မိဘတွေ များလာတဲ့အခါမှာ ကလေးတွေရဲ့လိုချင်တာကို ဦးစားမပေးနိုင်တာတွေ များလာတယ်ပေါ့။ နောက်တစ်ခုအနေနဲ့ ကစားစရာတွေ မရှိဘူးပေါ့နော်။ မရှိတဲ့အခါမျိုးမှာ မိဘကလည်း ဝယ်မပေးနိုင်ဘူး။ ဝယ်မပေးနိုင်တော့ကျ တော့ ပူဆာတာပေါ့။ ကျွန်တော်သွားပြီဆိုလည်း ကျွန်တော်တို့ကို ပူဆာတာတွေ ရှိတယ်ပေါ့နော်”

စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ဦးရဲ့ဖွံ့ဖြိုးမှုက အနာဂတ်အထိ သက်ရောက်မှုရှိနိုင်တာကြောင့် ကလေးဘဝကတည်းက စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု လုပ်ဆောင်သင့်တယ်လို့ စောသဟဲစရီးက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေကို အကူအညီပေးတဲ့အခါမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုနဲ့ ထောက်ပံ့မှုတွေကိုပါ ထည့်သွင်းစဉ်းစားပေးဖို့လည်း သူက တိုက်တွန်းပါတယ်။

ပဋိပက္ခဒဏ်သင့် ဒေသတွေကနေ မြို့ပြတွေအထိ ကလေးတွေဟာ သူတို့ရဲ့အခြေခံ အခွင့်အရေးတွေဖြစ်တဲ့ ဘေးကင်းလုံခြုံရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းတဲ့ ကလေးဘဝတွေကို ငြင်းပယ်ခံနေရပြီး ကလေးသူငယ် အခွင့်အရေးတွေဟာ မကြုံစဖူး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။