စစ်ဖြစ်တဲ့ဒေသမှာ ကလေးသူငယ်တွေ စိုးရိမ်ထိတ်လန့်မှုနဲ့ ကြီးပြင်းရ
2025.01.23

စစ်ဖြစ်တဲ့ဒေသတွေမှာ ကလေးငယ်တွေဟာ ရှင်သန်ခွင့် ခြိမ်းခြောက်ခံနေရသလို၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကြီးပြင်းနေထိုင်ရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။
ကရင်နီဒေသမှာဆိုရင် စစ်ကောင်စီက ဒရုန်းနဲ့ဗုံးချတာ၊ လေကြောင်းနဲ့တိုက်တာတွေက ကလေးတွေအတွက် ပိုပြီးကြောက်စိတ်ဖြစ်စေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
"လက်နက်ကြီးရန်ထက်စာရင် အခုနောက်ပိုင်းက လေယာဉ်ရန်နဲ့ ဒရုန်းရန်က အထူးသဖြင့် ကျွန်တော်တို့ကလေးတွေရဲ့ ကျောင်းတွေ၊ စခန်းတွေကို မကြာခဏတိုက်ခိုက်မှုတွေဖြစ်တော့ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုရှိတယ်"
ဇန်နဝါရီလ ၉ ရက်နေ့က ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်က အိုက်စမ်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ကလေးသူငယ်သုံးဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ ကယားပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးသူငယ် (၄၅,၃၉၅ ဦး) လေးသောင်းခွဲကျော်ရှိနေပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေး ၁၈ ဦး သေဆုံးခဲ့ရပါတယ်။
ချင်းပြည်နယ်မှာလည်း စာသင်ကျောင်းတွေပါ ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အတွက် ကလေးတွေက ကျောင်းသွားဖို့ကြောက်နေကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။
"စစ်ကောင်စီက ဗုံးကြဲလေယာဉ်တိုက်ခိုက်မှုတွေ လုပ်တဲ့အခါမှာ ကျောင်းတွေ ပစ်မှတ်ထားတိုက်ခိုက်တာ သူတို့သိတယ်။ သူတို့မှာနားလည်တယ်။ နောက်ပိုင်းဆို ကလေးသူငယ်လေးတွေကတောင် ကျောင်းတက်ဖို့ကို ကြောက်နေရတဲ့ခံစားချက်က ရှိတယ်။ သူတိုမှာ စိတ်ခံစားရပြီးတော့ သူတို့ရဲ့ Mental ထိတဲ့ဟာမျိုး တွေ့ရတာပေါ့လေ။ ဒါကတော့ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်တာပေါ့"
စစ်ကောင်စီလက်ချက်နဲ့ ချင်းပြည်နယ်မှာ သေဆုံးတဲ့ ကလေး ရှစ်ဆယ်လောက်ရှိပြီး၊ အဲဒီအထဲမှာ ၃ နှစ်အောက်ကလေးငယ် ဆယ်ဦးကျော် ပါတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
"ပြေးရင်းလွှားရင်း၊ ဘောလုံးကန်နေရင်းနဲ့ကို ဟိုသစ်ပင်အောက်မှာ ပုန်းကွယ်နေရ၊ လေယာဉ်တက်လာတာများလားဆိုပြီး အဲဒီလိုပုံစံနဲ့ကို ထိတ်လန့်နေရတာပေါ့"
မကွေးတိုင်းမှာလည်း ကလေးငယ်တွေဟာ ဆော့ကစားနေတဲ့အချိန်မှာတောင် လေယာဉ်တွေလာမလားဆိုပြီး စိုးရိမ်နေကြတယ်လို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ မြိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ပြေးလွှားဆော့ကစားရမဲ့ အချိန်တွေကိုတောင်မှ သူတို့မှာ စိုးရိမ်စိတ်တွေနဲ့ ဆော့နေရတာပေါ့။ ပြေးရင်းလွှားရင်း ဘောလုံးကန်နေရင်းနဲ့ကို ဟိုသစ်ပင်အောက်မှာ ပုန်းကွယ်နေရ၊ လေယာဉ်တက်လာတာများလားဆိုပြီး အဲဒီလိုပုံစံနဲ့ကို ထိတ်လန့်နေရတာပေါ့။ လေယာဉ်ကလည်း တောက်လျှောက် ရွာပေါ်က ဖြတ်ဖြတ် ပျံသွားတာဆိုတော့လေ"
ဆက်နွှယ်သောသတင်းများ
စစ်ဘေးဒုက္ခသည် ကလေးငယ်တွေ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
အာဏာသိမ်းကာလအတွင်း ကလေး ၆၇၀ ကျော် သေဆုံး
၂ဝ၂၄ နှစ်ကုန်မှာ စစ်ဘေးဒုက္ခသည် ကလေးသူငယ် ၁၃ သိန်းနီးပါးအထိရှိလာ
အလားတူ ၂၀၂၂ ခုနှစ်က လေယာဉ်နဲ့တိုက်လို့ ကလေး ၁၁ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းစာသင်ကျောင်းဖြစ်ရပ်ဟာ နှစ်နှစ်ကျော်ကြာလာပေမဲ့လည်း ကလေးငယ်တွေဟာ တံခါးပိတ်သံ ကျယ်ကျယ်ကြားရင်တောင် ထိတ်လန့်နေကြတယ်လို့ လုံခြုံရေးကြောင့် ဒေါ်စန်းမော်လို့အမည်လွှဲထားတဲ့ဒေသခံက ပြောပါတယ်။
"သူတို့ဘေးမှာ အသံပြင်းပြင်းနဲ့ ဖြတ်သွားပြီဆိုရင်ကို သူတို့ကို လေယာဉ်လာပြီ ဒါမှမဟုတ် တစ်ခုခုပေါ့နော်။ အစ်မတို့နေတဲ့ စာသင်ကျောင်းရဲ့ အိမ်နားတင်ဆိုတော့ တံခါးပိတ်လိုက်ရင် ဝုန်းဆို မြည်တယ်။ အဲဒီလိုမြည်လိုက်လို့ရှိရင် စာသင်နေတဲ့ကြားကနေ လက်နက်ကြီးနဲ့ ပစ်ပြီလားဆိုပြီး ပျာယီးပျာယာနဲ့ ထတဲ့ကလေးတို့၊ ဝပ်ရမှာလားလို့လုပ်တဲ့ကလေးတို့ နောက်ကျမှ တံခါးပိတ်တာ။ အဲဒီလို တံခါးပိတ်သံကအစ ကြောက်လန့်နေတဲ့ကလေးတွေ ကြောက်လန့်နေကြရတာ"
သူ့မှာ အသက် ၁၃ နှစ်ကနေ ၇ နှစ်အထိ အရွယ်ရှိတဲ့ ကလေးသုံးဦးရှိနေပြီး အဲဒီအထဲနှစ်ဦးဟာ လက်ယက်ကုန်းစာသင်ကျောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်ကြောင့် သူ့သမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတာကို နေ့စဉ်ခံစားနေရတာမြင်ရတဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ပြည်သူတွေအပေါ် ရန်သူလိုဆက်ဆံနေတယ်လို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက သုံးသပ်ပါတယ်။
"ဒါက ပြည်သူနဲ့ကို စစ်ဖြစ်နေတာ။ ဒီဟာက တော်လှန်ရေးတစ်ခုဖြစ်တဲ့အတွက် ဒီတော်လှန်နေတဲ့အုပ်စုကို နှိပ်ကွပ်နေတာမဟုတ်ဘူး။ ဒီစစ်တပ်က သူ့ကိုမလိုလားဘူးဆိုတဲ့ ပြည်သူအားလုံးက သူ့ရန်သူပဲ"
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တစ်နှစ်တည်းမှာပဲ ကလေးငယ် ၇၅၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာအထိ ကလေး ၂၅၀ ထက်မနည်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေအန္တရာယ် ကြုံခဲ့ရသလို ကလေး ခြောက်သန်းခန့်ဟာ ဆိုးဝါးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ UNICEF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။