၂ဝ၂၄ နှစ်ကုန်မှာ စစ်ဘေးဒုက္ခသည် ကလေးသူငယ် ၁၃ သိန်းနီးပါးအထိရှိလာ

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.12.23
၂ဝ၂၄ နှစ်ကုန်မှာ စစ်ဘေးဒုက္ခသည် ကလေးသူငယ် ၁၃ သိန်းနီးပါးအထိရှိလာ ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်များအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ဒီနှစ်ထဲမှာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးတာရော ဒဏ်ရာရတာရော ကလေးအနည်းဆုံး ၆၅ဝ ရှိတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ထိခိုက်တဲ့သူ တစ်ရာမှာ ကလေးက သုံးယောက်နှုန်းဖြစ်တယ်လို့လည်း ပြောပါတယ်။ အသက် ငါးနှစ်အောက် ကလေးငယ် သေဆုံးနှုန်းဟာ တစ်ရာမှာ လေးယောက်နှုန်း ရှိနေပြီး အရှေ့တောင်အာရှမှာအမြင့်မားဆုံးဖြစ်တယ် လို့ ယူနီဆက်ဖ်အဖွဲ့က ပြောပါတယ်။

မြန်မာတစ်နိုင်ငံတစ်ဝန်းမှာ လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူ သုံးသန်းခွဲရှိနေပြီး၊ အဲဒီအထဲက လေးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ၁၃ သိန်းနီးပါးဟာ ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂကလေး များရန်ပုံငွေအဖွဲ့ ယူနီဆက်ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တက် ချိုင်းဘန်း (Ted Chaiban) က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ၄ နှစ်နီးပါးမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် နိုင်ငံတစ်ဝန်းသေဆုံးရတဲ့ ကလေး ၆၇၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၂၀၈ ဦးနဲ့ အခု ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်အထိ ၂၃၀ နီးပါး ရှိပြီလို့ AAPP က ပြောပါတယ်။

ဒါကြောင့် ဒီနှစ်မှာ သေဆုံးဒဏ်ရာရတဲ့ ကလေး ၆၅၀ ရှိတယ်ဆိုတဲ့ ယူနီဆက်ရဲ့စာရင်းထဲကနေ ဒီနှစ်မှာသေဆုံးရတဲ့ကလေး ၂၃၀ နီးပါးရှိတယ်ဆိုတဲ့ AAPP စာရင်းကိုနှုတ်လိုက်တဲ့အခါ၊ ဒီနှစ်ထဲ ဒဏ်ရာရတဲ့ကလေးက ၄၂၀ ဖြစ်တယ်လို့ ပြောရမှာပါ။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဒီဇင်ဘာ (၅) ရက်နေ့ထုတ်ပြန်ချက်အရ ၂ဝ၂၅ ခုနှစ်မှာ ကလေး ၆ ဒသမ ၄ သန်းအပါအဝင် လူဦးရေ ၁၉ ဒသမ ၉ သန်းအတွက်လူသား ချင်းစာနာမှု အကူအညီတွေလိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။ ပညာမသင်ရတဲ့ကလေးက ကိုးသိန်းနှစ်သောင်းနီးပါး ရှိတယ်လို့ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်မှာ ကရင်နီပြည်လို့ခေါ်တဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးကလေးအယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၄ ဦး ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က RFA ကို ပြောပါတယ်။

ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်များအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှ ကလေးငယ်များအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ဒါကြောင့် ကလေးငယ်တွေရဲ့ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတယ်လို့ IEC အထွေထွေအတွင်းရေးမှူး (၂) ကိုဗညား က RFA ကိုပြောပါတယ်။

“ပညာရေးတစ်ခုတည်းမကဘူးပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေမှာလည်း ခံစားနေရ တာတွေ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ လက်ရှိ ကလေးငယ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်တဲ့အပြင် လူကြီးတိုင်း မိဘတိုင်းကလည်း ကလေးတွေရဲ့ ပညာရေး ကျန်းမာရေးတွေကို စိုးရိမ်နေရတယ်”

စက်တင်ဘာ ၆ ရက်နေ့မှာ ဖယ်ခုံမြို့နယ် လအိ စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေတိုက်ခိုက်လို့ ကလေးငယ် ခုနစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒါကြောင့် စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းတွေ တင်ပို့ရောင်းချနေတာကို တားဆီး ပိတ်ပင်ပေးဖို့ IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ဒုတိယဌာနမှူး (၁) မော်သဲမာက တောင်းဆိုပါတယ်။

“ကျွန်မတို့ ဒီပြည်နယ်မှာရှိတဲ့ အိုးအိမ်စည်းစိမ်အပါအဝင် အသက်ပါပေးရတဲ့ဟာမျိုးတွေ အရမ်းများတဲ့အတွက်ကြောင့်မလို့ လေယာဉ်ဆီ တင်ပို့တာပဲဖြစ်ဖြစ် လက်နက်ခဲယမ်းတွေ အကုန်ပို့ပေး ရောင်းချပေး တဲ့ နိုင်ငံတွေကို ထိထိရောက်ရောက်နဲ့ တားဆီးပြီး ပိတ်ပင်ပေးဖို့ တောင်းဆိုချင်ပါတယ်”

ကရင်နီပြည်ကြားကာလအုပ်ချုပ်မှုကောင်စီ (IEC) ထိန်းချုပ်မှုအောက်က ၂၀၂၄ ခုနှစ်စာရင်းအရ ကရင်နီမှာရှိတဲ့ အသက် (၁၈) နှစ်အောက် စစ်ဘေးသင့်ကလေးငယ် လေးသောင်းကျော် (၄၁,၈၁၃) ယောက် ရှိတယ်လို့ IEC ကပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ​တွေ့ရစဉ်။ (Photo: Kayan Rescue Committee -KRC)
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ​တွေ့ရစဉ်။ (Photo: Kayan Rescue Committee -KRC)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာမှာလည်း နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီ တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးဒုက္ခသည် ကလေး ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် က‌လေးငယ် ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။

စစ်ကိုင်းတိုင်း အညာဒေသဘက်မှာလည်း စစ်ကောင်စီရဲ့လေကြောင်းကြောင့် ဒီ ၂၀၂၄ ခုနှစ်အတွင်း အသက် (၁၈) နှစ်အောက် ကလေးငယ် ၁ဝ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ဝ ကျော် ရှိနိုင်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့တာဝန်ခံ မဖူးပွင့်ဝေက RFA ကို ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာနီးပါးရှိလာ

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ကလေး ရှစ်ရာကျော် သေဆုံးခဲ့ကြောင်း NUG ပြော

ကလေး သုံးသန်းနီးပါး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်ဆုံးရှုံးနေ


ဒါကြောင့် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်နဲ့ လက်တွေ့ကျကျအရေးယူဖို့လိုတယ်လို့ မဖူးပွင့်ဝေ က ပြောပါတယ်။

“ကလေးတွေရဲ့ အနာဂတ်မဲ့နေချိန်မှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေရော အကုန်လုံး စားဝတ်နေရေး အခက်အခဲအရရော ကျောင်းမနေနိုင်တဲ့ ကလေးတွေရော အရမ်းများတယ်။ စားဝတ်နေရေးအခက်အခဲကြောင့် နောက်တစ်ခုက ကုန်ဈေးနှုန်းမြင့်တက်မှုရဲ့အခြေအနေကလည်း ကျောင်းနေအရွယ် ကလေးငယ်တွေမှာလည်း ရိုက်ခတ်မှုရှိတယ်။ တချို့ဆိုရင် စာသင်ကျောင်းထဲမှာရှိရမယ့်ကလေးတွေသည် လုပ်ငန်းခွင်ထဲမှာရောက်နေတာ ပိုများလာတယ်”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမှာလည်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း (၅၇,ဝဝဝ) ခန့်ရှိနေပြီလို့ ထုတ်ပြန်ထားပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့က နေရပ်စွန့်ခွာထွက်ပြေးလာရသူ ၁၅ဝဝ ထဲက ကလေး ရှစ်ရာဝန်းကျင်ဟာလည်း စားနပ်ရိက္ခာမလုံလောက်မှု အန္တရာယ်တွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုပဲ ရခိုင်ပြည်ဘက်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာဒေသက ကလေးငယ်တွေဟာ စစ်ဘေးဒဏ်ကြောင့် လုံလောက်တဲ့ အစာအာဟာရနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေမရလို့ ရာနဲ့ချီတဲ့ ကလေးငယ်တွေ အရေပြားနဲ့ ဆိုင်တဲ့ရောဂါတွေ ခံစားခဲ့ရပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဥ်။ (Photo:  Khine Murn Chun)
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဥ်။ (Photo: Khine Murn Chun)

လက်ရှိ စစ်ဘေးသင့်ကလေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ထိုင်းနယ်စပ်နဲ့နီးစပ်တဲ့ ရွာတစ်ချို့ ကိုတော့ Cross-Border Aid ဆိုတဲ့ နယ်စပ်ဖြတ်ကူညီမှုအနေနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်တာတွေ ရရှိပေမယ့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့လိုနေရာမျိုးမှာတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်တာတွေ လုံးဝ မရသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာ လှလှစိုးက RFA ကိုပြောပါတယ်။

“Donor organization တွေကျတော့ ဒီ US အစိုးရတို့ UK အစိုးရတို့ အဓိက ဆေးကို ဝယ်ပြီးတော့ လှူတန်းတဲ့ နိုင်ငံတွေနဲ့ပေါ့နော်။ နောက်ပြီးတော့ Cross-Border Aid သဘောမျိုးနဲ့ဆိုရင် ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေပေါ့နော်။ ထိုင်းတို့လိုမျိုး နိုင်ငံမျိုးနဲ့ ညှိနှိုင်းတာတွေလည်း ရှိပါတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးကဏ္ဍ ပိုဆိုးသွားပြီး အထူးသဖြင့် ကလေးငယ်တွေ အသက်အပိုင်းအခြားအလိုက်ထိုးရမယ့် ကာကွယ်ဆေးတွေမထိုးရလို့ လာမယ့် နှစ်နှစ် သုံးနှစ်အတွင်းမှာ ကူးစက်ရောဂါ ပျံ့နှံ့လာမှာကို စိုးရိမ်ရတယ်လို့ ထိုင်း - မြန်မာနယ်စပ်က မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာ‌မောင်က RFA ကို အခုနှစ် စက်တင်ဘာလမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။