ကလေး သုံးသန်းနီးပါး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်ဆုံးရှုံးနေ
2024.07.09

အမျိုးသားညီညွတ်ရေးအစိုး (NUG) ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ မွေးစကနေ ငါးနှစ်အရွယ်ထိ ကလေးငယ် သုံးသန်းနီးပါးဟာ ပုံမှန်ထိုးရမဲ့ ကာကွယ်ဆေးတွေ ထိုးခွင့်မရဘဲ ဆုံးရှုံးနေပါတယ်။
စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ ကရင်တွေက ကလေးသူငယ်တွေ ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေသလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို တိုက်ပွဲမရှိတဲ့ဒေသတွေမှာလည်း ပုံမှန်ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဥ်တွေ ရပ်ဆိုင်းနေပါတယ်။
တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာအပြင် စစ်ကောင်စီတပ်တွေရဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ချက်တွေကြောင့်လည်း ပဋိပက္ခဒေသတွေကို ကာကွယ်ဆေးတွေရောက်ဖို့ ခက်ခဲနေတာပါ။
“ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရတာကြောင့် ကလေးအများစုဟာ ဝက်သက်နဲ့ အသည်းရောင် အသားဝါရောဂါတွေ ဖြစ်နေကြပါတယ်”
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ကလေးသူငယ် တော်တော်များများ ကာကွယ်ဆေးမရကြဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကိုယ်ဝန်ဆောင်စဥ်မှာလည်း မော်လိုက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကျန်းမာရေးအဖွဲ့ကထိုးတဲ့ မေးခိုင်ကာကွယ်ဆေးကလွဲရင် တခြားကာကွယ်ဆေး မထိုးရဘူးရှင့်။ စစ်ကာင်စီဘက်က ဖြတ်သန်းသယ်ယူဖို့ မလွယ်ကူဘူးပေါ့နော်။ ရေခဲတွေ ဘာတွေနဲ့ သယ်ရတာ ဖြစ်တဲ့အတွက်လေ။ နွေဦးတော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်ထဲ ရောက်လာတော့ အဲဒီအထဲမှာ မွေးဖွားကြတဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်တွေ အားလုံးလိုလိုက မည်သည့်ကာကွယ်ဆေးကိုမှ မထိုးရဘူးရှင့်”
ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရတာကြောင့် ကလေးအများစုဟာ ဝက်သက်နဲ့ အသည်းရောင် အသားဝါရောဂါတွေ ဖြစ်နေကြတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မွေးစကနေ ငါးနှစ်အောက်အထိ ကလေးတွေဟာ တီဘီဦးနှောက်အမှေးရောင်၊ မေးခိုင်၊ ပိုလီယို၊ ဝက်သက်၊ ဆုံဆို့ကြက်ညှာ၊ အသည်းရောင်အသားဝါ (ဘီ) စတဲ့ ရောဂါတွေအတွက် အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုး၊ ဆေးသောက်ကြရတာပါ။
“စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်ကြောင့် ကလေးသူငယ်တွေကို ပုံမှန်ကာကွယ်ဆေး ထိုးပေးတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာပါ”
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က စစ်ဘေးဒုက္ခသည်တချို့ကတော့ အိန္ဒိယဘက်က ကာကွယ်ဆေးတွေကို အားကိုးနေရပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်စစ်ဘေးဒုက္ခသည် စခန်းတာဝန်ခံတစ်ဦးက “အိန္ဒိယဘက်ကနေ သယ်ပြီးတော့မှ ထိုးကြတယ်။ မထိုးတာတော့ မဟုတ်ဘူး၊ ထိုးတယ်။ ဒါပေမဲ့ အခက်အခဲ အရမ်းများလွန်းတော့ ကလေးတစ်ယောက်မှာ ထိုးရမဲ့ကာကွယ်ဆေး အလုံးရေပြည့်အောင် ထိုးနိုင်တာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့ မင်းတပ်မြို့နယ်မှာ စိန်ခေါ်မှုတွေက အရမ်းများနေတယ်။ ဒါကို အကုန်လုံးက ကြည့်ပြီးဖြေရှင်းနေရတယ်။ ဒီအရာတွေအတွက် အကူအညီလည်း အများကြီး လိုအပ်နေပါတယ်”လို့ ပြောပါတယ်။
ကာကွယ်ဆေးတွေ သယ်ယူတဲ့အခါ လိုအပ်တဲ့အအေးဓာတ် ပေးမထားနိုင်တာကြောင့် အများစုကပျက်စီးပြီး ဓာတ်ပြယ်ကုန်တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာလည်း မွေးစကနေ ငါးနှစ်အရွယ်အထိ ကလေးသူငယ် လေးသောင်းနီးပါးရှိပေမဲ့ ခြောက်ထောင်ကျော်သာ ကာကွယ်ဆေး ထိုးခွင့်ရထားတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) စာရင်းတွေမှာ တွေ့ရပါတယ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွှန်ကြားရေးမှူး ကိုဗညားကတော့ ကာကွယ်ဆေး ထိုးခွင့်မရတဲ့ ကလေးငယ်တွေအတွက် နှစ်ရှည်စီမံကိန်းနဲ့ ဆေးထိုးခွင့်ရအောင် စီစဉ်ပေးနေတယ်လို့ ပြောပါတယ်။
“ထောင်ဂဏန်းစာလောက်ပဲ ရရှိထားသေးတာပေါ့နော်။ ဒါတောင် ကျွန်တော်တို့ မထိုးနှံနိုင်သေးဘူး။ အခုလည်း Dose အလိုက် သွားနေတာရှိတယ်။ အဲဒါကြောင့်မလို့ အခုအချိန်ထိကတော့ တစ်ဖြတ်တစ်ဖြတ်စာကတော့ ရနိုင်တယ်ပေါ့။ ဒါပေမဲ့ အကြိမ်ရေ (Dose) ပြည့်ဖို့ကတော့ နှစ်ကာလစီမံကိန်းနဲ့ ဆက်သွားရမဲ့ပုံစံ ရှိပါတယ်”
KnHRG စာရင်းတွေအရ ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်ရှိပြီး အများစုဟာ တိုက်ပွဲတွေနဲ့ ကင်းရာကို ရွှေ့ပြောင်းသွားလာနေထိုင်နေကြရတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး ကလေးငယ်အများစုမှာ ရေယုန်၊ ဝက်သက်၊ ဂျိုက်သိုးနဲ့ အရေပြားရောဂါတွေ ခံစားနေကြရပါတယ်။
“ပုံမှန် ကာကွယ်ဆေးမရဘဲ ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ ရောဂါခုခံနိုင်တဲ့အပိုင်းမှာ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်”
မကွေးတိုင်း၊ ဆောမြို့နယ်က အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးကလည်း ပုံမှန် ကာကွယ်ဆေးတွေမထိုးရတဲ့ သူ့ရဲ့ အသက် သုံးနှစ်အရွယ် သမီးလေးအတွက် စိုးရိမ်နေပါတယ်။
“မွေးကတည်းက တိုက်ပွဲကြားမှာ မွေးခဲ့ရတာဆိုတော့ အခုထိလည်း ကာကွယ်ဆေးလည်း မထိုးရသေးဘူး။ ဒါကြောင့် ကျွန်မသမီးလေး ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း ကြီးပြင်းလာဖို့ ဆုတောင်းပါတယ်”
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်ကြောင့် ကလေးသူငယ်တွေကို ပုံမှန်ကာကွယ်ဆေး ထိုးပေးတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာလို့ CDM ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။
ပုံမှန် ကာကွယ်ဆေးမရဘဲ ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ ရောဂါခုခံနိုင်တဲ့အပိုင်းမှာ အခက်အခဲတွေ ကြုံလာနိုင်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါက်တာလွမ်းဝေက သုံးသပ်ပါတယ်။
“ကလေးတွေရဲ့ ဘဝသက်တမ်းမှာ ကာကွယ်နိုင်ရဲ့သားနဲ့ သေလောက်တဲ့ရောဂါတွေ ဖြစ်လာဖို့ရှိပါတယ်။ ဒီနေရာမှာဆိုရင် အသည်းရောင်အသားဝါ ဘီပိုးလိုဟာတွေ ရှိတယ်။ ဦးနှောက်အမှေးပါးရောင်တဲ့ ရောဂါမျိုးတွေရှိတယ်။ ဒါမျိုးတွေက အများကြီး အသက်ဆုံးရှုံးခဲ့ကြရလို့ ဒီဟာတွေကိုတော့ ငါတို့ဖြစ်တဲ့အထိ မစောင့်ဘဲ ကာကွယ်ဆေးတွေကြိုထုတ်ပြီး ကြိုထိုးပေးမှပဲ ကလေးတွေရဲ့အသက်ကို ကာကွယ်နိုင်တော့မယ်ဆိုပြီး ဖြစ်တဲ့အထိမစောင့်ဘဲ ကာကွယ်ဆေးတွေထိုးပြီး မဖြစ်အောင် တားကြရတာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ရောဂါတွေ လွယ်လင့်တကူ ကြုံလာရနိုင်တယ်။ ဒါတွေက ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ”
ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အသက်ငါးနှစ်အောက် ကလေးငယ်သေဆုံးမှု အများဆုံးနိုင်ငံထဲမှာ ပါဝင်နေတယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက ကလေးသူငယ်တွေ ကာကွယ်ဆေး လုံလုံလောက်လောက်ရအောင် ကူညီဖို့ NUG အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးရုံး တာဝန်ခံ ဒေါက်တာသစ္စာက နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။
“စစ်ဘေးရှောင်ဒေသတွေနဲ့ တိုင်းရင်းသား နယ်နိမိတ်တွေမှာရှိနေတဲ့ ကလေးငယ်များကတော့ ကာကွယ်ဆေးများ တစ်လုံးမှရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာရှိနေတဲ့ ကလေးသူငယ်များ လုံလောက်စွာ ကာကွယ်ဆေးရရှိဖို့အတွက် တာဝန်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ဂါဘီ၊ ယူနီဆက်နဲ့ WHO တို့ အဖွဲအစည်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဂါဘီ၊ ယူနီဆက်နဲ့ WHO ကို ကျွန်မတို့ စစ်ဘေးရှောင်ဒေသတွေနဲ့ တိုင်းရင်းသား နယ်နိမိတ်က ကလေးများ ကာကွယ်ဆေးရရှိဖို့ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို စီမံကိန်းတစ်ခုဖော်ဆောင်ပြီး ကယားပြည်နယ်မှာ ကလေးဦးရေ နှစ်ထောင်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ကလေးငယ် တစ်ထောင်ကို ဆေးထိုးပေးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ NUG ကျန်းမာရေးဌာနက ပဋိပက္ခဒေသတွေမှာ ကာကွယ်ဆေး ထိုးပေးနေပေမဲ့လည်း အခက်အခဲတွေကြောင့် လက်လှမ်းမမီတဲ့နေရာတွေလည်း များစွာရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိနိုင်ဖို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
မြန်မာနိုင်ငံမှာ မွေးကင်းစကနေ တစ်နှစ်ခွဲအထိ ကလေးငယ်တွေအတွက် ကာကွယ်ဆေး ၁၂ မျိုး၊ မိန်းကလေးတွေအတွက်ဆိုရင် သားအိမ်ခေါင်းကင်ဆာရောဂါအတွက် ကာကွယ်ဆေးတစ်မျိုး ထပ်ထိုးရတာကြောင့် စုစုပေါင်း ကာကွယ်ဆေး ၁၃ မျိုးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။